အောင်မြင်သည့် လိဂ်တစ်ခုဖြစ်ရန် အချိန်များစွာယူရကြောင်း တရုတ်စူပါလိဂ်ကို အာစင်ဝင်းဂါး သတိပေး

အောင်မြင်သည့် လိဂ်တစ်ခုဖြစ်ရန် အချိန်များစွာယူရကြောင်း တရုတ်စူပါလိဂ်ကို အာစင်ဝင်းဂါး သတိပေး

ဇန်နဝါရီ ၂၀၊ အင်္ဂလန် ။           ။ ရောမမြို့ကြီးကို တစ်ရက်တည်းဖြင့် တည်ဆောက်ခဲ့ခြင်းမဟုတ်သလို တရုတ်စူပါလိဂ်အနေဖြင့်လည်း အောင်မြင်သည့် ဘောလုံးလိဂ်တစ်ခုဖြစ်လာရန် အချိန်ယူရလိမ့်မည်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သတိပေးပြောဆိုလိုက်သည်။

လက်ရှိအချိန်တွင် တရုတ်စူပါလိဂ်အသင်းများသည် ဥရောပလိဂ်များမှ ထိပ်သီးကစားသမားများကို များပြားလှသည့် ပြောင်းရွှေ့ကြေးနှင့်လစာငွေများ ပေးချေပြီး ခေါ်ယူလျက်ရှိနေကြသည်။

တရုတ်စူပါလိဂ်၏ဖွံ့ဖြိုးတိုးတက်လာမှုကို သဘောကျသော်လည်း ၎င်းတို့အနေဖြင့် ပရီးမီးယားလိဂ်ကို ယှဉ်ပြိုင်နိုင်ရန် အချိန်ယူရလိမ့်ဦးမည်ဟု အာစင်ဝင်းဂါးက ဆိုသည်။

‘ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုဖြစ်လာဖို့ တစ်ညတည်းနဲ့ တည်ဆောက်လို့ မရပါဘူး။ ပြင်းပြင်းထန်ထန်နဲ့ အလုပ်ကြိုးစားပြီး လေ့လာသင်ယူမှုတွေကို နှစ်တွေ အများကြီး ပြုလုပ်ရပါတယ်။ အင်္ဂလန်ရဲ့ အမှတ်ပေးပြိုင်ပွဲက နှစ်ပေါင်း ၁၅၀ လောက်ရှိပါပြီ။ ဒါပေမဲ့ အခုအချိန်အထိ ကျွန်တော်တို့ ရုန်းကန်နေရတုန်းပါ။

တရုတ်စူပါလိဂ်က အသစ်ပါ။ ဒါက ကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော် ဂျပန်မှာ ၁၉၉၅ ခုနှစ်တုန်းက နည်းပြခဲ့ဖူးလို့ပါ။ ကျွန်တော်ရောက်တော့ ဂျပန်လိဂ်စပြီး ၃ နှစ်ပဲ ရှိပါသေးတယ်။ လူတွေက ပရော်ဖက်ရှင်နယ်ဘောလုံးလောက၊ ဘောလုံးယဉ်ကျေးမှုတစ်ခုနဲ့ မရင်းနှီးကြလို့ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မျှော်လင့်ထားရပါတယ်။

တရုတ်စူပါလိဂ်အနေနဲ့ အချိန်ယူရပါမယ်။ ၁၀ နှစ်လောက် အချိန်ယူရမလားဆိုတာတော့ သေချာမသိပါဘူး။ တစ်ခါတစ်လေမှာ နိုင်ငံအစိုးရရဲ့ ပေါ်လစီကြောင့်လည်း အပြောင်းအလဲတွေ   ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအနေနဲ့ ဆိုရင်တော့ ဒီလိုဖြစ်လာတာကို ပျော်ပါတယ်။ အိန္ဒိယအနေနဲ့လည်း တရုတ်လို ဖြစ်လာလိ့မ်မယ်လို့ မျှော်လင့်ပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly