DKBA မှ ဗိုလ်မှူးချုပ်စောကျော်သက် နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်ကို အပြီးထုတ်ပယ်

DKBA မှ ဗိုလ်မှူးချုပ်စောကျော်သက် နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်ကို အပြီးထုတ်ပယ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ကလူထူးဝါး စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ကို ဇူလိုင်လ ၂၁ ရက်မှစ၍ ကလိုထူးဘောတပ်ဖွဲ့မှ DKBA မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်ဟု DKBA ဌာနချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

DKBA ကလိုထူးဘောတပ်ဖွဲ့ စစ်ဌာနချုပ် လက်အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲရေးမှ စစ်ကွပ်ကဲရေးမှူး တာဝန်ယူထားသူ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ နှစ်ဦးကို ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

“၎င်းတို့နှင့်ပတ်သက်၍ ကိစ္စရပ်များအား မိမိတို့တပ်ဖွဲ့နှင့် လုံးဝ မသက်ဆိုင်တော့ပါ”ဟု DKBA  စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ လက်မှတ်ရေးထိုးထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီး စောဆန်းအောင်ကို DKBAက ဒုတိယအကြိမ် ထုတ်ပယ်ခြင်းလည်းဖြစ်သည်။

ဇူလိုင်လက ရက်သတ္တပတ်ကြာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အားရှလမ်းမကြီးအနီး အစိုးရ စစ်တပ်နှင့် DKBA တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်  ဇူလိုင်လ ၇ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် DKBA တို့အာကား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးသော်လည်း စစ်ရေးတည်ငြိမ်မှု မရှိခဲ့ပေ။

ဇူလိုင်လ ၈ ရက်တွင် အစိုးရ စစ်တပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များက အာရှလမ်းမကြီးပေါ် လုံခြုံရေးယူထားလိုက်ပြီး ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

အာရှလမ်းမကြီးကို မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံမှု မရှိသေးသဖြင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags