“ဆေခန်ဖ" ကိုယ်ထူကိုယ်ထ မူကြိုကျောင်းဖွင့်ပွဲအဖြစ် စာပေဟောပြောပွဲ ကျင်းပ

“ဆေခန်ဖ" ကိုယ်ထူကိုယ်ထ မူကြိုကျောင်းဖွင့်ပွဲအဖြစ် စာပေဟောပြောပွဲ ကျင်းပ
ဓာတ်ပုံ-စိုင်းမောဝ်အွန်

ဇန်နဝါရီ ၂၀  ။                   ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စု၊ စယ်လန့်ရှမ်းလူငယ်များ ဦးဆောင်ပြီး ဆောက်လုပ်ထားသော “ဆေခန်ဖ" ကိုယ်ထူကိုယ်ထ မူကြိုကျောင်းဖွင့်ပွဲအထိမ်းအမှတ် စာပေဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက် မနက် ၉ နာရီကနေ ညနေ အထိ ကျင်းပခဲ့သည်။

“ဒီနေ့ ဟောပြောပွဲကတော့ ကျွန်တော်တို့ စယ်လန့် ရှမ်းလူငယ်တွေရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်တစ်ခုပါ။ မူကြိုကျောင်းဖွင့်ပွဲ အထိမ်းအမှတ်လည်း ဖြစ်သွားတာပေါ့။

လာရောက်ဟောပြောပေးခဲ့ကြတဲ့ ဆရာတွေကလည်း ကလေးသူငယ် ပညာရေး အကြောင်းတွေပဲ ဟောပြောခဲ့ကြပါတယ်။ မိဘပြည်သူတွေကလည်း ကလေးပြုစုပျိုးထောင်နည်းတွေ အရင်ကထက် ပိုသိလာရပါတယ်" ဟု ဟောပြောပွဲဖြစ်မြောက်ရေးနှင့် မူကြိုကျောင်းကော်မတီ အတွင်းရေးမှူး(၁) စိုင်းမောဝ်အွန် က မဇ္ဈိမသို့ပြောသည်။

ယခုဟောပြောပွဲသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး လာရောက်ဟောပြောသည့် ပုဂ္ဂိုလ်များမှာ ရှမ်းစာပေ ပညာရှင် ဆရာ လုံးစိုင်းဖှ၊ စာရေးဆရာ ဟင်း(ကာယန်း)၊ စာရေးဆရာ ခွန်ယုံးချို၊ ကာတွန်းဆရာ ဟန်လေး၊ သိန္နီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း၊ မန္တလေးမြို့၊ Smart Kids College - SKC ကိုယ်ပိုင် ဆရာဖြစ်သင်တန်းကျောင်း ၏ Principal ဖြစ်သူ နန်းမေသဲအေးတို့   ဖြစ်သည်။

၂၀၁၅ ခုနှစ်က ပထမအကြိမ် စာပေဟောပြောပွဲ ကျင်းပခဲ့ပြီး ထိုမှလက်ကျန်ငွေတွေကို ကလေးသူငယ်ပညာရေးအပိုင်းတွင် အသုံးပြုမည်ဟု ဆုံးဖြတ်ကြကာ ယနေ့ဖွင့်လှစ် ခဲ့သည့် မူကြိုကျောင်းကို   ဆောက်လုပ်ခဲ့ကြောင်း၊ ငွေကြေးလုံလောက်မှု မရှိသောကြောင့် ရပ်နီးရပ်ဝေး မိဘပြည်သူများထံ အလှူငွေ ကောက်ခံခဲ့ရကြောင်း သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly