မန္တလေး၊ ဇူလိုင် ၂၂ ။ ။ ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေသော ယာဉ်များကို စစ်ဆေး အရေးယူမှုများပြုလုပ်နေရာ ခြောက်လခန့်အတွင်း အစီးရေ ၁၃၇ စီး အရေးယူထားသည်ဟု မန္တလေးတိုင်းဒေသကြီး၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သန်းက မဇ္ဈိမ ကိုပြောသည်။
ထိုသို့စစ်ဆေးအရေးယူခြင်းကို ၂၀၁၄ အောက်တိုဘာလမှစ၍ ပညာပေးကာလအဖြစ်ဆောင်ရွက်ခဲ့ပြီး အရေးယူမှုများကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင် ခဲ့ရာ ဇူလိုင်လ ၂၂ ရက် ညနေပိုင်း အထိ စစ်ဆေးခဲ့သည့်ရေယာဉ် အစီးရေ ၃၀၀ တွင်စည်းကမ်းနှင့် မညီညွှတ်သော ရေယာဉ် ၁၃၇ စီး အရေးယူထားသည်ဟု ၎င်းက ဆိုသည်။
၎င်းက ‘ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဓိကထားပြီး စစ်ဆေးမှုတွေ လုပ်နေတာပါ။ လိုက်နာရမယ့်စည်းကမ်း နဲ့ရေယာဉ်ပေါ် ပါရှိရမယ့် သက်ကယ် ပစ္စည်းကအစ သတ်မှတ်ပေး ထားတယ်။ သတ်မှတ်စည်းကမ်းချက်တွေနဲ့ မကိုက်ညီဘူး ဆိုရင် အရေးယူမှုလုပ်တယ်။”ဟု ပြောသည်။
ရေယာဉ်များသည် ခရီးသည်နှင့် ကုန်ပစ္စည်းများ ခေါင်မိုးပေါ်တင်ခြင်း၊ သတ်မှတ်ရေယာဉ်ဝန်တင် မျဉ်းထက် ပိုမိုတင်ဆောင်ခြင်း၊ အချက်ပြမီးများ ကောင်းမွန်မှုမရှိခြင်း၊ အသက်ကယ်ပစ္စည်းများ အပြည့်အစုံမပါရှိခြင်း၊ မီးသတ်ဆေးဗူး နှင့် လုပ်ငန်းလိုင်စင် ၊ရေယာဉ်လိုင်စင် တို့ကိုလည်း စစ်ဆေးကာ ပြည့်စုံမှန်ကန်မှု မရှိလျင် ရေကြောင်းနည်းဥပဒေအရ ဒဏ်ငွေပေးဆောင်ရခြင်းဖြစ် သည်။
ဦးအောင်သန်းက " ဒဏ်ကြေးသတ်မှတ်ငွေကတော့ သူ့အစားစားပဲ။ အမျိုးမျိုးဆိုတော့ ပြောလို့ အဆင်မပြေသေးဘူး။ "ဟု ပြောသည်။
ထိုသို့ရေယာဉ်များ ဖမ်းဆီးစစ်ဆေးသည့်အဖွဲ့တွင် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ရေလမ်း ထိန်းသိမ်းရေး ဦးစီးဌာန ၊ပြည်တွင်းရေကြောင်းဦးစီးဌာန၊ေ ရကြောင်းရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့ပါဝင်သည်။