မြောက်ဦးယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် ခရီးသွားများ ဝင်ရောက်မှုနည်းပါး

မြောက်ဦးယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် ခရီးသွားများ ဝင်ရောက်မှုနည်းပါး

မြောက်ဦး၊ ဇန်နဝါရီ ၁၉။           ။ မြောက်ဦးမြို့သို့ နှစ်စဉ်ရောက်ရှိကြသည့် နိုင်ငံခြားခရီးသွားများ လာရောက်မှုမှာ ယခုနှစ်တွင် သိသိသာသာ လျော့နည်းလာပြီး နိုင်ငံခြားခရီးသွားများအား အဓိကထား ရောင်းချနေကြသည့် မြောက်ဦးဒေသအတွင်းမှ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များမှာ သိသိသာသာ ရောင်းအားကျဆင်းနေကြသည်။

လက်ရှိတွင် ဒေသတွင်း ဘုရားဖူးခရီးသည်များ အများအပြား လာရောက်လျှက်ရှိနေသော်လည်း လက်ဆောင် ပစ္စည်းများနှင့် အမှတ်တရ ပစ္စည်းများအား နိုင်ငံခြားဧည့်သည်များကသာ ဝယ်ယူလေ့ ရှိကြသည့်အတွက် ပြည်တွင်း ဘုရားဖူးခရီးသည်များ ရောက်ရှိရုံဖြင့် လုပ်ငန်းလည်ပတ်မှု မရှိကြောင်း ပန်ချီဆရာ ကိုခိုင်မင်းထွန်းက ပြောသည်။

“ ကျွန်တော်တို့က ပန်းချီကားတွေ ပြခန်းဖွင့်ပြီးတော့ နိုင်ငံခြားသားတွေကို ရောင်းချရတာဆိုတော့ များများလာတဲ့နှစ်က ပိုရောင်းရတယ်။ ဒီနှစ်မှာတော့ ရောင်းအား မကောင်းဘူးပေါ့ဗျာ။ အလာနည်းတဲ့အတွက်။ ပြီးခဲ့တဲ့နှစ်ကတောင် မဆိုးဘူးလို့ ပြောရမယ်။ ဒီနှစ်တော့ ခုထိ ၁၀ ကားလောက်ပဲ ရောင်းရသေးတယ်။”

ယင်းအပြင် နိုင်ငံခြားခရီးသွားများနှင့် ဆက်စပ်လျှက်ရှိသည့် ခရီးသည်ပို့ဆောင်ရေးယဉ်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ လည်း ပုံမှန်လည်ပတ်မှု မရှိကြောင်းသိရသည်။

“မြောက်ဦးကို ဒီနှစ်လာရောက်တဲ့ ဧည့်သည်အနေအထားကတော့ သိသိသာသာကို နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥရောပ နိုင်ငံတွေမှာလည်း အစ္စလမ်မစ်လှုပ်ရှားမှုတွေ မြင့်မားနေတာရယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဘက်မှာလည်း အကြမ်းဖက်မှုတွေဖြစ်နေတာရယ်။ နောက် အစိုးရကလည်း နယ်စပ်ဒေသတွေကို အန္တရယ်ဖြစ်စေနိုင်တဲ့ နေရာတွေအဖြစ် မြေပုံမှာ အနီရောင်ကာလာတွေနဲ့ ဖော်ပြထားတာကို တွေ့ရတယ်။ အဖက်ဖက်က အဆင်မပြေမှုတွေနဲ့ ဆက်စက်မှု ရှိနေတယ်လို့တော့ ယူဆတာပေါ့ ”ဟု ဝါရင့်ဧည့်လမ်းညွှန် ဦးထွန်းနေဝင်းကပြောသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်က မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်း လာရောက်လည်ပတ်ခဲ့ကြသည့် နိုင်ငံခြားခရီးသွား ဦးရေ ၆၀၀၀ ခန့်ရောက်ရှိခဲ့ကြပြီး ယခုနှစ်တွင် အများအပြား လျော့နည်းလျှက်ရှိနေသော်လည်း ငပလီအပန်းဖြေစခန်းသို့ လာရောက် လည်ပတ်သူများမှာ လျော့နည်းသွားခြင်းမရှိသလောက် ပုံမှန်အနေအထားသာ ရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly