အီရန်တွင် အထပ်မြင့် အဆောက်အအုံတစ်လုံး မီးလောင်မှု ဖြစ်ပွားပြီး ပြိုကျသွား၊ မီးသတ်သမားများ ပိတ်မိနေ

အီရန်တွင် အထပ်မြင့် အဆောက်အအုံတစ်လုံး မီးလောင်မှု ဖြစ်ပွားပြီး ပြိုကျသွား၊ မီးသတ်သမားများ ပိတ်မိနေ

ဇန်နဝါရီ ၁၉ ။               ။ အီရန်နိုင်ငံ Tehran မြို့လယ်ရှိ သက်တမ်းကြာမြင့်နေပြီဖြစ်သော အထပ်ပေါင်း ၁၅ ထပ်ရှိ အဆောက်အအုံတစ်လုံး ဇန်နဝါရီ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားပြီး ပြိုကျသွားခဲ့ရာ မီးသတ်သမား ဒါဇင်ပေါင်းများစွာ ပိတ်မိနေလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆောက်အအုံ မီးလောင်မှုဖြစ်ပွားပြီးနောက် မီးသတ်သမား အယောက် ၂၀၀ ရောက်ရှိလာခဲ့ကြောင်းနှင့် အဆောက်အအုံ ပြိုကျချိန် အတွင်း၌ မီးသတ်သမား ဆယ်ဦးခန့် ရှိနေနိုင်ကြောင်း နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သွားသည်။

ယခုအချိန်ထိ ယင်းဖြစ်စဉ်အတွင်း သေဆုံးသူစာရင်းကို အာဏာပိုင်များက အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း မြို့၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ၏ ပြောကြားချက်အရ အနည်းဆုံး ၇၀ ဒဏ်ရာရသွားကြောင်းနှင့် ၂၃ ဦးကို ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

" အထဲမှာ လူအယောက် လေးငါးဆယ်လောက် ရှိနေလိမ့်မယ်လို့ ထင်ပါတယ်" ဟု ယင်းနေရာသို့ ရောက်ရှိနေသော မီးသတ်သမားတစ်ဦးဖြစ်သည့် အလီက ပြောသည်။

" ပထမတုန်းက ကျွန်တော်လည်း အဲဒီအဆောက်အအုံထဲ မှာရောက်နေခဲ့တာပေါ့၊ ရုတ်တရက် ကြမ်းပြင်က တုန်လာပြီးတော့ ပြိုကျတော့မယ်ဆိုတာသိလို့ ကျွန်တော်တို့ အပြင်ထွက်ကြပါတယ်၊ အဲဒီမှာ ပြိုကျသွားတော့တာပါပဲ" ဟု ၎င်းက ပြောသည်။

ယင်းပြိုကျသွားသည့် အဆောက်အအုံမှာ ဈေးဝယ်စင်တာတစ်ခုနှင့် အဝတ်အထည်ဆိုင်များ ဖွင့်လှစ်ရာ အဆောက်အအုံဖြစ်ကြောင်း သိရပြီး ယခုအခါ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly