မံစီမြို့နယ်မှ KIA တပ်ရင်း ၁၂ အား တပ်မတော်မှ သိမ်းယူဟု ပြော

မံစီမြို့နယ်မှ KIA တပ်ရင်း ၁၂ အား တပ်မတော်မှ သိမ်းယူဟု ပြော

ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။            ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ ကို ဇန်နဝါရီလ ၁၈ ရက်က တပ်မတော်က  လေကြောင်းမှတိုက်ခိုက်၍ သိမ်းယူခဲ့သည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“မနေ့က ရင်း ၁၂ ကို ၁၀နာရီကျော်လောက်မှာ ဖယ်ပေးလိုက်တယ်။ အဲဒီနေရာမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပြီး လေယာဉ်နဲ့ လက်နက်ကြီးတွေ ပစ်လို့ ကျွန်တော်တို့ စခန်းကို အရင် မီးရှို့ထားလိုက်ပြီး ကျွန်တော်တို့ ဖယ်ပေးလိုက်ပြီးနောက်မှ သူတို့ မနေ့ကမှ ပြန်ဝင်လာတာပါ။ အဲဒီစခန်းတစ်ခုပါပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းတိုက်ပွဲအတွင်း KIA ဘက်မှ တစ်ဦး ကျဆုံးခဲ့ပြီး ယနေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း တပ်မတော်ဘက်မှ ဆုတ်ခွာပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။

မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာ၏ အနောက်တောင်ဘက် ၂၄ နာရီခန့်အကွာရှိ မံဂမ်ကျေးရွာအနီးရှိ KIA ၏ တပ်ရင်း ၁၂ အပါအဝင် စခန်း ၃ ခုအား တပ်မတော်ဘက်မှ ဇန်ဝါရီလ ၁၈ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယင်းတပ်စခန်းများသို့ တပ်မတော်ဘက်မှ ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်၍ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လေကြောင်း၊ အမြောက်နှင့် လက်နက်ကြီး ပစ်ကူရယူတိုက်ခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် KIA တပ်ရင်း ၁၂ အပါအဝင် စခန်း ၃ ခုကိုသိမ်းပိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်၍ တပ်မတော်ဘက်မှ KIA တပ်စခန်းများသို့ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် KIA ၏ တပ်မတော် ၅ လက်အောက်ခံ တပ်ရင်းများ ဖြစ်သော ဂိဒေါင်၊ ဖောင်းဆိုင်တို့ အပါအဝင် စခန်း ၄ ခု သိမ်းယူခဲ့ပြီး ဖြစ်ရာ ယခု တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား ထပ်မံ သိမ်းယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်လာသဖြင့် စစ်ပြေးဒုက္ခသည် ၇၀၀၀ ခန့်က ထပ်မံ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly