နျူကလီးယားလက်နက် ကင်းစင်ကမ္ဘာဖြစ်ရေး သမ္မတရှီကျင့်ဖျင် တိုက်တွန်း

နျူကလီးယားလက်နက် ကင်းစင်ကမ္ဘာဖြစ်ရေး သမ္မတရှီကျင့်ဖျင် တိုက်တွန်း

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၉ ။            ။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကုလသမဂ္ဂတွင် ဇန်နဝါရီ ၁၈ ရက်က မိန့်ခွန်းပြောကြားရာ၌ နျူကလီးယားလက်နက်မဲ့ ကမ္ဘာဖြစ်ရေး တိုက်တွန်းကာ နိုင်ငံကြီးများနှင့်   နိုင်ငံငယ်များကြား တူညီမျှတမှုကို အခြေခံသည့် ဘက်ပေါင်းစုံစနစ်ဖြစ်ထွန်းရေးကိုလည်း ဆော်သြသွားသည်။

အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာဆိုခြင်း မပြုမီ ရက်ပိုင်းအလိုတွင် သမ္မတ ရှီကျင့်ဖျင်က သံတမန်ရေးရာနောက်ဆုံးခရီးစဉ်အဖြစ် ဂျနီဗာရှိ ကုလသမဂ္ဂရုံးသို့   ရောက်ရှိကာ မိန့်ခွန်းပြောဆိုခြင်းဖြစ်သည်။ ယင်းမတိုင်မီ ဆွတ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်လည်း သမိုင်းဝင်မိန့်ခွန်းပြောခဲ့သည်။

ရှီကျင့်ဖျင်၏ ဆွတ်ဇာလန်ခရီးစဉ်က အမေရိကန်တွင် နိုင်ငံရေးလူသစ်တန်း ဒေါ်နယ်ထရမ့်၏ အပြောင်းအလဲနှင့် ပတ်သက်ပြီး မရေမရာအချိန်တွင် တရုတ်က ကမ္ဘာ့ခေါင်းဆောင်မှု နေရာကို တက်လှမ်းနိုင်ရေး ဖမ်းဆုပ်သည့် ခရီးစဉ်တစ်ရပ်အဖြစ် တစ်ချို့သော ကျွမ်းကျင်သူများက ရှုမြင်သုံးသပ်သည်။

“နျူကလီးယား ကင်းမဲ့ကမ္ဘာဖြစ်ရေးအတွက် နျူကလီးယားလက်နက်တွေကို အလုံးစုံ တားမြစ်ဖျက်ဆီးပစ်သင့်ပါတယ်။”ဟု ရှီကျင့်ဖျင်က ကုလသမဂ္ဂမိန့်ခွန်းတွင် ပြောသည်။

“ငြိမ်းချမ်းရေး၊ အချုပ်အခြာ၊ ပူးပေါင်းပါဝင်မှုနဲ့ ခွဲဝေအုပ်ချုပ်မှုများ၏ လမ်းကြောင်းအတိုင်း ကျွန်တော်တို့ဟာ ယှဉ်ပြိုင်မှုအတွက် နပမ်းလုံးနေရတာထက် ပူးပေါင်းဆောင်ရွက်မှုများအတွက်   ရှေ့ထွက်သင့်ပါတယ်။”ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ၁၉၆၄ ခုနှစ်မှစကာ နျူကလီးယားလက်နက်နိုင်ငံဖြစ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly