မြို့နယ်စည်ပင် အရာရှိအား ဖေ့ဘွတ်ခ်တွင် ရေးသားသူ ၆၆ ဃ ဖြင့် တရားစွဲခံရ

မြို့နယ်စည်ပင် အရာရှိအား ဖေ့ဘွတ်ခ်တွင် ရေးသားသူ ၆၆ ဃ ဖြင့် တရားစွဲခံရ

စစ်တွေ၊ ဇန်နဝါရီ ၁၈ ရက်။               ။ တောင်ကုတ်မြို့မစည်ပင်အရာရှိအား အသုံးအနှုန်းတစ်ခုဖြင့် ညစ်ညမ်းစွာ ပြောဆိုခြင်းကို  လူမှုကွန်ရက်စာမျက်နှာ(ဖေ့ဘွတ်ခ်)ပေါ်တွင် ရေးသားခဲ့သောသူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

တရားစွဲဆိုခံထားရသူမှာ တောင်ကုတ်မြို့မဈေးမှ ဈေးဆိုင်သည် ဖြိုးသီဟ ဖြစ်ပြီး ၎င်း၏ ဆိုင်ခန်းအနီး စည်ပင်မှ တိုင်းတာမှုများပြုလုပ်နေသည်ကို တွေ့သဖြင့် ပွင့်လင်းမြင်သာမှုရှိရန် အခြားဆိုင်ခန်းများကိုပါ တိုင်းတာဖို့ အကြံပြုပြောကြားခဲ့ရာ စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦးမှ မခံချိသာအောင် တုံ့ပြန်ပြောကြားလာသောကြောင့် သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် “ ဘောမ” ဟု ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ယခုလို ထွက်ဆိုခဲ့သည်။

 “ သူတို့ တိုင်းတာနေတဲ့အခါမှာ ကျွန်တော်က ဆိုင်ခန်းတွေကို တိုင်းရင် အားလုံး ဆိုင်ခန်းတွေကို တိုင်းပါ။ ပွင့်လင်း မြင်သာမှုရှိအောင်လို့ ပြောတော့ မြို့နယ်စည်ပင်ဦးစီး ထွန်းအောင်သာက ဒါ မင်းအလုပ်မဟုတ်ဘူး။ ငါ့အလုပ်ပဲဆိုပြီး ပြောပါတယ်။ အဲဒီမှာ အမျိုးသမီးတစ်ယောက်က စကားလက်လွန်ပြောပါတယ်။ ဒါကို ကျွန်တော်က ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားလိုက်တဲ့အတွက် တရားစွဲထားတာပါ” ဟု ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုရင်ဆိုင်နေရသူ ဦးဖြိုးသီဟက ပြောသည်။

အဆိုပါ ရေးသားမှုနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် စည်ပင် ဒုဦးစီးအရာရှိ ဒေါ်ခင်သန်းလှိုင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဌာနဆိုင်ရာဝန်ထမ်းများ၏ မူဟောင်းအကျင့်ဟောင်းများ၊ အပြုအမူများအား ထိကပါးရေးသားမှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံနေရသူ မြို့ခံ ဦးဖြိုးသီဟကို ၂၀၁၆ ခုနှစ် ဇူလိုင်လကတည်းက ရုံးချိန်းခေါ်စစ်ဆေးပြီး ဖမ်းချူပ်ထားခဲ့ခြင်း ဖြစ်သည်။

သူ့၏ ရေးသားမှုတွင် လူပုဂ္ဂိုလ်အား ထိခိုက်စေသည့် အသုံးအနှုန်းများ မပါရှိသလို၊ မည်သူမည်ဝါကို ဦးတည်ရေးသားခြင်း ဖြစ်သည်ဟု မပါရှိသောကြောင့် ဌာနမှ ဦးစီးအရာရှိကို “ဘောမ” ဟု ရေးသည်ဟု တစ်ဦးတစ်ယောက်မျှ သိရှိနိုင်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။

“ ကျွန်တော့ဘက်ကတော့ ဒါဟာ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းလို့ မမှတ်ယူဘူး။ ဒါက ကာလသုံးဘန်းစကားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ကျွန်တော့ဘက်က အစွမ်းကုန် ချေပသွားမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးသီဟက ပြောကြားခဲ့သည်။

ယခုအမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သည့် တောင်ကုတ်မြို့နယ် စည်ပင် ဒုဦးစီးအရာရှိ ဒေါ်ခင်သန်းလှိုင်သို့ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးရုံးမှတဆင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly