ငလျင်ကြောင့် ပြိုပျက်ခဲ့သည့် မြောက်ဦးရှေးဟောင်းဇုန်မှ စေတီတချို့ကို ပြုပြင်မှု စတင်

ငလျင်ကြောင့် ပြိုပျက်ခဲ့သည့် မြောက်ဦးရှေးဟောင်းဇုန်မှ စေတီတချို့ကို ပြုပြင်မှု စတင်

စစ်တွေ၊ ဇန်နဝါရီ ၁၇ ရက်။          ။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်းမှ ရှေးဟောင်းအမွေအနှစ်များ ပြိုကျပျက်စီးသွားခဲ့ရာတွင် ပါဝင်သော စေတီတစ်ချို့ကို စတင်ပြုပြင်နေပြီ ဖြစ်သည်။

“ရတနာ့မာရ်အောင်စေတီကို စတင်ပြီးတော့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေပါပြီ။ အရှင်ဘုရား (ရတနာ့မာရ်အောင် ကျောင်းတိုက်ဆရာတော်)ရဲ့ ဦးဆောင်မှုနဲ့ ပြုပြင်နေတာပါ။ ကျွန်တော်တို့ဌာန အနေနဲ့တော့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ကြီးကြပ်ပေးတာလောက်ပါပဲ”ဟု မြောက်ဦးရှေးဟောင်းသုတေသနဌာနမှ ဦးသိန်းထွန်းအောင်က ပြောသည်။

အဆိုပါစေတီမှာ သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုများ နည်းပါးသည့်အတွက် စိုးရိမ်နေရသည့်အခြေနေသို့ ရောက်ရှိနေသည့် စေတီတစ်ဆူဖြစ်ကာ ငလျင်ဒဏ်ကြောင့် စေတီ၏ ထီးတော်နှင့် ငှက်ပျောဖူးတော်တို့ ကျိုးပျက်သွားခဲ့သည်။

အဆိုပါ ပျက်စီးသွားသည့် ဘုရားပုထိုးများ၊ စေတီများဖြစ်သည့် ရှေးဟောင်း အမွေအနှစ်များအား ပြန်လည်ပြုပြင်မှု လုပ်ငန်းများကို ပြုလုပ်ရာတွင် UNESCO ၏ အကူအညီကို ရယူကာ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်သည့်အတွက် ယခင်ပြုပြင်သည့် နည်းစနစ်များဖြင့် မပြုလုပ်ကြရန် ညွန်ကြားစာများထုတ်ခဲ့သေးသည်။

“ ပြုပြင်မှုအပိုင်းကတော့ ကြိုတင်တွက်ချက်မှုအရ ကျပ်သိန်း ၂၀၀၀ လောက်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ လိုအပ်တဲ့ငွေတွေကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆီ ကျပ်သိန်း ၃၅၀ နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်သိန်း ၃၀၀ လှူဒါန်းထားတာရှိပါတယ်။ ကျန်တဲ့ လိုအပ်ငွေတွေကိုတော့ ရတနာ့မာရ်အောင်အရှင်ဘုရား (မြောက်ဦးဆရာတော်) က ကျခံသွားမှာဖြစ်ပါတယ်” ဟု ဦးသိန်းထွန်းအောင်က ပြောသည်။

စေတီမှာ ကျောက်များဖြင့်ပြုလုပ်ထားသည့် ကျောက်ထည်စေတီတော်ကြီး ဖြစ်သည့်အတွက် ပြုပြင်မှုလုပ်ငန်းကို စတင်ဆောင်ရွက်ရာတွင် ကျိုးပျက်သွားသည့်အပိုင်းကို မပြုလုပ်မီ စေတီ၏အောက်ပိုင်းကို စတင်မွမ်းမံနေရကြောင်း၊ ကျောက်ကြားများတွင် ရွှံ့များဝင်ရောက်နေသည့်အတွက် ရေဖြင့်ပန်းထုတ်ကာ ခိုင်မာအောင် စတင်လုပ်ဆောင် နေရကြောင်း သိရသည်။

စေတီတော်အား နဂိုမူလအတိုင်း ငှက်ပျောဖူးနှင့် ကျောက်ထီးတော်တို့ကို ပြန်လည်ပြုလုပ်ပြီး ရှေးမူမပျက်စေရန်အတွက် ရှေး/သုဌာနအနေဖြင့် ကြီးကြပ်မှုများ ဆောင်ရွက်လျက်ရှိကာ ငလျင်ဒဏ်ကြောင့် အက်ကွဲသွားခဲ့သည့် သင်္ချပ်တော် စေတီတော် ကိုလည်း ဌာနမှ ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပြီး ကျန်ပြိုပျက်သွားခဲ့သည့် ဈေတီပုထိုးများမှာ ဘတ်ဂျက်ငွေ လိုအပ်ချက်ကြောင့် ထိန်းသိမ်းမှုများပြုလုပ်ရန် စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း မြောက်ဦးရှေးဟောင်း သုတေသနဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly