အနားယူတော့မည်ဟုပြောဆိုခြင်း မဟုတ်ကြောင်း ဗန်ဟားလ်ပြော

အနားယူတော့မည်ဟုပြောဆိုခြင်း မဟုတ်ကြောင်း ဗန်ဟားလ်ပြော

ဇန်နဝါရီ ၁၈၊ နယ်သာလန်။            ။ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဗန်ဟားလ်က ၎င်းအနေဖြင့်နည်းပြလောကမှအနားယူတော့မည်ဟုပြောဆိုခြင်း မဟုတ်ဘဲ တစ်နှစ်ခန့် အားလပ်ရက် ယူမည်ဟုပြောဆိုခြင်းဖြစ်ကြောင်း ဆိုသည်။

အသက် ၆၅ နှစ်အရွယ် ဗန်ဟားလ်သည် မိသားစုအကြောင်းပြချက်ဖြင့် နည်းပြလောကမှ အနားယူရန်ရည်ရွယ်ထားသည်ဟု ယခုတစ်ပတ်အစောပိုင်းတွင် နယ်သာလန်မီဒီယာတစ်ခုသို့ပြောဆိုထားသည်။

“ကျွန်တော်နားလိုက်သင့်ပြီလို့စဉ်းစားတယ်။ ပြီးတော့ အဲဒါက အနားယူတဲ့ကာလတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ နည်းပြလောကကိုပြန်လာဖို့ မစဉ်းစားသေးဘူး”ဟု ဘာစီလိုနာနှင့် အိုင်းယက်စ်နည်းပြဟောင်း ဗန်ဟားလ်က ဒီတယ်လီဂရပ်ဖ်သို့ ပြောထားခြင်းဖြစ်သည်။

သို့သော်အင်္ဂါညပိုင်းတွင်မူ ဗန်ဟားလ်က “မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်တော်အနားယူဦးမှာမဟုတ်ဘူး။ အားလပ်ရက်အဖြစ် အနားယူတဲ့နှစ်တစ်နှစ်လို့ပဲ ပြောခဲ့တာ။ အဲဒါပြီးမှ ကျွန်တော်ဆုံးဖြတ်မှာ။ အဲဒါက ကျွန်တော့်ကို ကမ်းလှမ်းလာမှုတွေအပေါ် မူတည်တယ်။ လာမယ့်ဇူလိုင်မှာ ကျွန်တော်ဆုံးဖြတ်မယ်။

စပိန်ကိုလည်းပြန်ချင်ပြန်သွားနိုင်တယ်။ လွန်ခဲ့တဲ့ ငါးပတ်လောက် ဗလင်စီယာအသင်းက နည်းပြအဖြစ်ကမ်းလှမ်းလာသေး တယ်။ ကျွန်တော်ငြင်းလိုက်ပါတယ်”ဟု ဗန်ဟားလ်က စပိန်ရေဒီယို ကာဒီနာဆာသို့ပြောသည်။

ဗန်ဟားလ်သည် သုံးနှစ်တာအတွက် ပေါင် ၄၄ သန်းဖြင့် တရုတ်မှကမ်းလှမ်းလာမှုကိုပယ်ချခဲ့သည်ဟုလည်းယူဆရကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags