နားကပ်ပျောက်ရာမှ ၁၁ နှစ်အရွယ်မိန်းကလေးငယ်ကို ခိုးသည်ဟု ရိုက်နှက်မှု ဖြစ်ပွား

နားကပ်ပျောက်ရာမှ ၁၁ နှစ်အရွယ်မိန်းကလေးငယ်ကို ခိုးသည်ဟု ရိုက်နှက်မှု ဖြစ်ပွား

မြိတ်၊ဇန်နဝါရီ-၁၇ ။              ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ ၊မြစ်မရပ် ၊ဒေါနလမ်းတွင် နားကပ်ပျောက်ရာမှ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ခိုးယူသည်ဟု ဆိုကာ ရိုက်နှက်မှုတစ်ခု ဇန်နဝါရီ ၁၆ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိန်းကလေးငယ်သည် လွန်ခဲ့သည့် ၅ ရက်က မြိတ်မြို့၊ ကန်ကြီးရပ်ရှိ နေအိမ်တစ်ခုတွင် အိမ်အ ကူလုပ်ကိုင်ရန် ကျွန်းစုမြို့နယ်၊   ရေမြစ်ကြီးကျေးရွာအုပ်စု၊ မကျည်းကျေးရွာမှ လာရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမိန်းကလေးငယ်မှ နေအိမ်၌ ပျော်ပိုက်ခြင်းမရှိဟုဆို၍ မိဘများထံပြန်လည်ပို့ဆောင်ရန်အတွက် ဒေါနလမ်းရှိ ဒေါ်စန်းမူ၏  နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း  ၊ ခေတ္တလာရောက်အပ်နှံထားစဉ် အိမ်ရှင်မှ နားကပ်ပျောက်ခဲ့ပြီး ယင်းကလေးငယ် ခိုးယူသည်ဟု ပြောဆို၍ တံမြက်စည်း၊ ပလတ်စတစ်ခုံတို့ဖြင့် ရိုက်နှက်ခဲ့သည်ဟု သိရကြောင်း မြိတ်မြို့ မြို့မရဲစခန်း၏ မှတ်တမ်းဖော်ပြချက်အရ သိရသည်။

ပစ္စည်းခိုးယူမှုရှိမရှိ မေးမြန်းရာ ပြန်မပေးသည့်အတွက် ဒေါသအလျောက်ရိုက်နှက်မိကြောင်း အိမ်ရှင်ဖြစ်သူ ဒေါ်စန်းမူက ပြောဆိုသည်။ “ ပစ္စည်းခိုးပြီး ထွက်ပြေးတယ်။ ပေးမယ်ဆိုတာလည်း မပေးဘူး။ မြေကြီးမှာတူးလိုက်၊ အိမ်ခေါင်းရင်းမှာ တူး လိုက်နဲ့၊ ဒေါသဖြစ်လာတာပေါ့။ ပစ္စည်းသူယူတာ လူလည်း အမြင်။ အိမ်ပေါ်ကို သူတစ်ယောက်ပဲ တက်တယ်။ သူက ကျွန်မတို့အိမ်က အလုပ်သမားလည်း မဟုတ်ပါဘူး။ အခြားကလာပို့ထားတာ။ ကျွန်မမှာ အိမ်ဖော်သုံးယောက်ရှိတယ်” ဟု ဒေါ်စန်းမူက ဆိုသည်။

ရိုက်နှက်ခံရသဖြင့် မိန်းကလေးငယ်မှာ နောက်ကျော၌ ကန့်လန့်ဖြတ်အစင်းရာ တစ်ချက်၊ ယာဘက်နားထင်တွင် ညိုမဲဒဏ်ရာတစ်ချက်၊ ဝဲဘက်လက်မောင်းတွင် အစင်းရာတစ်ချက် ရရှိခဲ့ပြီး ဒဏ်ရာအား ဖြင့် မစိုးရိမ်ရသော်လည်း ကလေးသူငယ်အား တမင်ညှင်းပန်းနှိပ်စက်ခဲ့သူ ဒေါ်စန်းမူကို ရဲအရေးမပိုင်အ မှတ်စဉ်၊ ပုဒ်မ ၁/၂၀၁၇ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မြိတ်မြို့၊ မြို့မရဲစန်းမှ အရေးယူမှုများဆောင်ရွက်လျှက်ရှိပြီး မြိတ်မြို့နယ်တရားရုံးသို့ တင်ပို့၍ တရားစွဲထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly