ကုန်သွယ်ရေးစစ်ပွဲတွင် မည်သူမျှ အနိုင်ရလိမ့်မည်မဟုတ်ဟု ရှီကျင့်ဖျင်ပြော

ကုန်သွယ်ရေးစစ်ပွဲတွင် မည်သူမျှ အနိုင်ရလိမ့်မည်မဟုတ်ဟု ရှီကျင့်ဖျင်ပြော

ဒါဗို့စ်၊ ဇန်နဝါရီ ၁၇ ။            ။ ဆွတ်ဖာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များအား မိန့်ခွန်းပြောကြားရာ၌ ကုန်သွယ်ရေးစစ်ပွဲဆိုတာ၏ အဓိပ္ပာယ်မရှိမှုနှင့် ကုန်သွယ်ရေးအကာအကွယ်ပြုမှု၏ အန္တရာယ်ရှိမှုတို့ကို ပြောကာ ကုန်သွယ်စစ်ပွဲတွင် မည်သူမျှ အနိုင်ရလိမ့်မည် မဟုတ်ကြောင်း ပြောသည်။

ရှီကျင့်ဖျင်အနေဖြင့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ၊ သိပ္ပံနယ်ပယ်နှင့် အနုပညာနယ်ပယ်တို့မှ ကိုယ်စားပြုသူပေါင်း ၃၀၀၀ တက်ရောက်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တရုတ်သမ္မတတစ်ဦးအနေဖြင့် ပထမဆုံး မိန့်ခွန်းပြောကြားရခြင်းလည်းဖြစ်သည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်အနိုင်ရပြီးနောက်ပိုင်း တွင်တွင်ကျယ်ကျယ် အသံထွက်လာသော အယူအဆရေးရာတစ်ရပ်ဖြစ်သည့် ကုန်သွယ်မှုအကာအကွယ်ပြုရေးဆိုသည်က ဥရောပနှင့် အမေရိကန်တို့တွင် ပျံ့နှံ့လျက်ရှိနေချိန် ရှီကျင့်ဖျင်က ယင်းသဘောတရားကို ချေဖျက်ပြောဆိုလာခြင်းလည်းဖြစ်သည်။

“ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်အတွက် စီးပွားရေးအားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း အသက်ဝင်မှုအပေါ်မှာ အပြစ်ပုံချစရာ မရှိဘူး။”ဟု ၎င်းက ပြောကာ ဂလိုဘယ်လိုက်ဇေးရှင်းက ဆီးရီးယားဒုက္ခသည်များ၏ အခြေအနေ သို့မဟုတ် ၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်တို့အတွက် ပြဿနာအရင်းခံအကြောင်းအရာ မဟုတ်ကြောင်း ပြောခဲ့သည်။

“ဂလိုဘယ်လိုက်ဇေးရှင်းက ပြဿနာသစ်တွေကို ဖန်တီးတယ်ဆိုတာ မှန်ပါမယ်။ ဒါပေမယ့် ဒါကိုပဲ အပြစ်ပုံချနေတာက မျှတမှု မရှိတာပါပဲ။”ဟု ၎င်းက ဆိုသည်။

ဂလိုဘယ်လိုက်ဇေးရှင်းအား ပိုမိုပူးပေါင်းပါဝင်မှုများနှင့် ပိုမိုခိုင်မာမှုများ ရှိအောင် ဖော်ဆောင်သင့်ကြောင်း ရှီကျင့်ဖျင်က ပြောကာ လက်ရှိရှိနေကြသည့် ကမ္ဘာ့လုံးဆိုင်ရာ အဖွဲ့အစည်းအသင်းအပင်းများက
နည်းပါးသေးကာ လုံလောက်မှု မရှိသေးသကဲ့သို့ ပိုမိုကိုယ်စားပြုမှု ရှိရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly