အမေရိကန် ဦးဆောင်လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အယ်လ်ခိုင်ဒါခေါင်းဆောင်သေဆုံး

အမေရိကန် ဦးဆောင်လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အယ်လ်ခိုင်ဒါခေါင်းဆောင်သေဆုံး

ဝါရှင်တန်၊ ဇူလိုင် ၂၂ ။     ။ ယခုလအစောပိုင်းက အမေရိကန်ဦးဆောင်ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အယ်လ်ခိုင်ဒါအဖွဲ့ခွဲတစ်ခု၏ ခေါင်းဆောင်သေဆုံးခဲ့ပြီး ယင်းခေါင်းဆောင်သည် အမေရိကန်နှင့် မဟာမိတ်များကို တိုက်ခိုက်ရန်ကြံစည်နေသည်ဟု အမေရိကန် အရာရှိများက စွပ်စွဲခဲ့ကြောင်း ပင်တဂွန် ကပြောကြားခဲ့သည်။

ယင်းခေါင်းဆောင် မူရှင်အယ်လ်ဖက်ဒလီသည် ဇူလိုင် ၈က ယာဉ်တစ်စီးဖြင့် ခရီးသွားစဉ် ဆီးရီးယားအနောက်မြောက်ပိုင်း ဆာမာဒါအနီး လေကြောင်းတိုက်ခိုက်ခံရမှုတစ်ခုတွင် သေဆုံးသွားခဲ့သည်ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးဂျက်ဖ်ဒေးဗစ် ကပြောကြားခဲ့သည်။

အသက် ၃၄နှစ်အရွယ် ဖက်ဒလီကို သေဆုံးအောင်တိုက်ခိုက်မှုရာတွင် ဒရုန်းဖြင့် သို့မဟုတ် လူပါသောလေယာဉ်ဖြင့် တိုက်ခိုက်ကြောင်းဒေးဗစ်က ရှင်းလင်းစွာ မပြောကြားခဲ့ပေ။

ဖက်ဒလီသည် အကြီးတန်း အယ်လ်ခိုင်ဒါအဖွဲ့ဝင်များ၏ အဖွဲ့တစ်ခုဖြစ်သော Khorasan Group ၏ခေါင်းဆောင်ဖြစ်သည်။

၎င်းအဖွဲ့၏အဖွဲ့ဝင်များမှာ အနောက်နိုင်ငံများကို တိုက်ခိုက်ရန် ဗဟိုအာရှနှင့် အရှေ့အလယ်ပိုင်းမှ ရောက်လာသူများဖြစ်သည်။

ကူဝိတ်တွင်မွေးဖွားခဲ့သူ စစ်သွေးကြွခေါင်းဆောင်ဖက်ဒလီသည် ကွယ်လွန်သူ အယ်လ်ကေးဒါးဦးစီးခေါင်းဆောင် အိုစမာဘင် လာဒင်၏ အတွင်းစည်းမှ လူတစ်ဦးဖြစ်ပြီး များစွာယုံကြည်ခံရသူလည်းဖြစ်သည်။ ဖက်ဒလီသည် အမေရိကန်ကိုတိုက်ခိုက်ခဲ့သည့် ၂၀၀၁ခုနှစ်၊ စက်တင်ဘာတိုက်ခိုက်မှုကို ကြိုတင်သိရှိသူအနည်းငယ်ထဲတွင် ပါဝင်သည်ဟု အမေရိကန်ထောက်လှမ်းရေးက ဆိုသည်။

" သူသေဆုံးသွားတော့ အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် အယ်လ်ကေးဒါးရဲ့ ဆက်လက်ပြုလုပ်နေတဲ့ပြင်ပ စစ်ဆင်ရေးတွေလျော့ကျပြီး အတားအဆီးဖြစ်သွားပါလိမ့်မယ်"ဟု ဒေးဗစ်ကပြောသည်။

ဖက်ဒလီသည် ၂၀၀၂ခုနှစ် အောက်တိုဘာလက ကူဝိတ်၏ ဖိုင်လာကာကျွန်းပေါ် အမေရိကန်မရိန်း တပ်ဖွဲ့ဝင်များကို တိုက်ခိုက် မှု၊ပြင်သစ်ရေနံတင်သင်္ဘော MV Limburg ကိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်ဟု ဒေးဗစ်က ဆိုသည်။

Khorasan သည် အယ်လ်ခိုင်ဒါ၏ ဆီးရီးယားအဖွဲ့ခွဲ Al-Nusra Front ၏အစိတ်အပိုင်းဖြစ်သည်ဟု အရာရှိများက ပြောသည်။ Khorasan အဖွဲ့သည် အမေရိကန်ပြည်ထောင်စုအား ချက်ခြင်းခြိမ်းခြောက်နိုင်သည့် ရန်သူများတွင်ပါဝင်သည်ဟု စက်တင်ဘာ လက အင်တာဗျူးတစ်ခုတွင် အမေရိကန်သမ္မတဘားရက်အိုဘားမားက ပြောကြားခဲ့သည်။

ဖက်ဒလီအား သေဆုံးစေသို့မဟုတ် ချုပ်နှောင်စေနိုင်သည့် သတင်းအတွက် အမေရိကန်ဒေါ်လာ ခုနှစ်သန်းပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ဆုငွေထုတ်ခဲ့ဖူးသည်။ ဖက်ဒလီကို အကြမ်းဖက်မှုများအတွက် ကူဝိတ်၊ ဆော်ဒီအာရေဘီးယားနှင့် အမေရိကန် ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေးအာဏာပိုင်များ အလိုရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly