အီရန်နှင့် နျူကလီးယား သဘောတူညီမှုကို မပစ်ပယ်ရန် ထရမ့်အား အိုဘားမား သတိပေး

အီရန်နှင့် နျူကလီးယား သဘောတူညီမှုကို မပစ်ပယ်ရန် ထရမ့်အား အိုဘားမား သတိပေး

နယူးယောက်၊ ဇန်နဝါရီ ၁၇ ။                 ။ အီရန်နှင့် နျူကလီးယား သဘောတူညီမှု ပထမနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုရာတွင် ယင်းသဘောတူညီမှုက အရေးပါသည့် ရလဒ်တစ်ခုဖြစ်ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လုံ့လဖြင့် ပေါ်ပေါက်ခဲ့သော သဘောတူညီမှုဖြစ်၍ ဆန့်ကျင်မှု မပြုရန် သတိပေးပြောဆိုသည်။

အိုဘားမား၏ ပြောဆိုမှုသည် ဇန်နဝါရီ ၂၀ ရက်တွင် ကျမ်းကျိန်ကာ ရာထူးလက်ခံ တာဝန်ယူမည့် သမ္မတ ဒေါ်နယ်ထရမ့်အား တိုက်ရိုက်ရည်ညွန်းပြောဆိုသည်မှာ သိသာသည်။

“အမေရိကန်နိုင်ငံအနေနဲ့ ဒီသဘောတူညီမှု ရဖို့ နှစ်များစွာ ကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတာ သတိရပါ။ ဒါက အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံသက်သက် သဘောတူညီမှု မဟုတ်ဘဲ ကမ္ဘာ့အင်အားကြီးနိုင်ငံ များကြားက သဘောတူညီမှုတစ်ရပ်အဖြစ် ကိုယ်စားပြုနေတာပါ။”ဟု အိုဘားမားက ပြောသည်။

“အမေရိကန်နဲ့ ကမ္ဘာအနေနဲ့ အရေးပါတဲ့ ဖော်ဆောင်မှုအဖြစ် ရရှိခဲ့တဲ့ ဒီသဘောတူညီမှုဟာ ကမ္ဘာကို ပိုမိုလုံခြုံမှုအဖြစ် ပေးစွမ်းတယ်။ အီရန်ကို နျူကလီးယားလက်နက်နိုင်ငံအဖြစ်ကနေ ကာကွယ်ထားနိုင်တယ်။”ဟု အိုဘားမားက ဆိုသည်။

သံတမန်ရေး ဖြေရှင်းမှုများကဲ့သို့ အီရန်နိုင်ငံ၏ နျူကလီးယား စီမံကိန်းအပေါ် တားဆီးနိုင်သလို အရှေ့အလယ်ပိုင်း၌ နောက်ထပ်စစ်ပွဲမဖြစ်အောင်လည်း တားဆီးနိုင်သည့် သဘောတူညီမှုဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ထရမ့်အနေဖြင့် အီရန်နှင့် အဆိုပါ သဘောတူညီမှုအပေါ် မကြာခဏရှုတ်ချမှုများ ရှိသည်။ ဇန်နဝါရီ ၁၅ ရက်က Times of London နှင့် Bild သတင်းစာတို့နှင့် အင်တာဗျူးရာတွင် “ကျွန်တော်အတွက် အီရန် သဘောတူညီမှုက စိတ်ကျေနပ်စရာ မကောင်းဘူး။ လုပ်ခဲ့သမျှ သဘောတူညီမှုတွေထဲမှာ အဆိုးဆုံးလို့ ကျွန်တော်တော့ ထင်တယ်။”ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly