ကချင်တွင် သစ်ခိုးထုတ်သည့် တရုတ် ၁၅၀ကျော်ကို ထေင်ဒဏ် တစ်သက်တစ်ကျွန်းချလိုက်ပြီ

ကချင်တွင် သစ်ခိုးထုတ်သည့် တရုတ် ၁၅၀ကျော်ကို ထေင်ဒဏ် တစ်သက်တစ်ကျွန်းချလိုက်ပြီ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို မြစ်ကြီးနားခရိုင်တရားရုံးက ဇူလိုင်လ ၂၂ ရက်က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု တရုတ်နိုင်ငံသားများဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဦးခင်မောင်က ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများကို သစ်ခိုးထုတ်မှုအတွက် ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ (အပက ၃) ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်သည်။

“အမိန့်ချလိုက်ပါပြီ။ အမှုတမှုက ၈၅ ယောက်ရှိတယ်။ နောက်တမှုက ၇၀ ယောက်မှုရှိတယ်။ ၈၅ ယောက်အမှုကို ၈၃ ယောက်ကို တသက်တကျွန်းချလိုက်တယ်။ နှစ်ယောက်က လူငယ်ဖြစ်လို့ ထောင်ဒဏ် ၁၀ နှစ်စီချလိုက်တယ်။ ဒုတိယ ၇၀ ပါအမှုက ၇၀လုံးကို ထောင်ဒဏ် တသက်တကျွန်းချလိုက်တယ်”ဟု ရှေ့နေ ဦးခင်မောင်က မဇ္ဈိမကို ပြောသည်။

သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား စုစုပေါင်း ၁၅၅ ဦးတွင် ၈၅ ဦးအမှုထဲမှ လူ နှစ်ဦးကို လူငယ်ဖြစ်၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပြီး ၇၀ ဦးပါဝင်သော အမှုကိုမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

လူ ၇၀ ဦးပါ အမှုထဲမှ အမျိုးသမီးတစ်ဦးကိုမူ မူးယစ်ပုဒ်မဖြင့် ထောင်ဒဏ် ၁၅ နှစ်နှင့် တစ်သက်တစ်ကျွန်း အပါအဝင် ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက်သည်ဟုလည်း ရှေ့နေ ဦးခင်မောင်က ပြောသည်။

တရားခံဘက်မှ မကျေနပ်ပါက ခရိုင်တရားရုံးမှ တဆင့် ကချင်ပြည်နယ် တရားလွတ်တော်သို့ ရက်ပေါင်း ၆၀ အတွင်း ဆက်လက် အယူခံသွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်က ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့  တရားရုံးက ချတာကို လက်ခံရမှာဘဲ။ မကျေနပ်တဲ့တရားခံတွေကတော့ အပေါ်ရုံးကို အဆင့် ဆင့် တက်လို့ ရပါတယ်။ အယူခံပြင်ဆင်တက်လို့ ရပါတယ်။ သူတို့လည်း အေးဆေးပါဘဲ နာခံသွားတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း  အဆိုပါ တရုတ်နိုင်ငံသားများကို တရားမဝင် ဝင်ရောက်မှု လဝက ဥပဒေ ပုဒ်မဖြင့် ပြစ်ဒဏ် ၆ လစီ ချမှတ်ခဲ့ပြီး ဖြစ်သည်။

တရုတ်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသားများကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ ဆဒုံး၊ ဝါရှောင်၊ မန်ဝိန်းကျေးရွာများမှ အစိုးရ စစ်ကြောင်းက မူးယစ်ဆေးဝါး အပါအဝင် စက်ယန္တရားများနှင့် အတူ ဖမ်းဆီးခဲ့ကာ လဝက ပုဒ်မနှင့် အပက ၃ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ဇူလိုင် ၂၂ ရက်တွင်  အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

၎င်းတို့ကို လက်ရှိတွင်  မြစ်ကြီးနား အကျဉ်းထောင်၌ အကျဉ်းချခံနေရသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly