ပရီးမီးယားလိဂ်တွင် အသင်းကြီးအားလုံး ချန်ပီယံဖြစ်နိုင်ခြေရှိနေခြင်းကို အာစင်ဝင်းဂါး အံ့အားသင့်နေ

ပရီးမီးယားလိဂ်တွင် အသင်းကြီးအားလုံး ချန်ပီယံဖြစ်နိုင်ခြေရှိနေခြင်းကို အာစင်ဝင်းဂါး အံ့အားသင့်နေ

ဇန်နဝါရီ ၁၆၊ အင်္ဂလန် ။          ။ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းကြီးအားလုံး ချန်ပီယံဖြစ်နိုင်သည့်အခြေအနေတွင် ရှိနေခြင်းကို အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အံ့အားသင့်လျက်ရှိနေသည်။

လက်ရှိအချိန်တွင် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် ချယ်လ်ဆီးအသင်းမှာ ရမှတ် ၅၂ မှတ် ရရှိထားပြီး ဒုတိယနေရာမှ စပါးအသင်းကို ၇ မှတ်ဖြတ်ထားသည်။ သို့သော် အာစင်ဝင်းဂါးက အဆင့်ခြောက်နေရာတွင် ရမှတ် ၄၀ ဖြင့် ရပ်တည်နေသည့် မန်ယူအသင်းပင်လျှင် ချန်ပီယံဖြစ်နိုင်သေးကြောင်း ယုံကြည်နေသည်။

အာဆင်နယ်အသင်းမှာ လက်ရှိတွင် အဆင့်လေးနေရာတွင် ရပ်တည်နေပြီး အာစင်ဝင်းဂါးက ယခင်က ယခုကဲ့သလို့ အခြေအနေမျိုး မကြုံတွေ့ခဲ့ဖူးကြောင်း ပြောသည်။

'ပရီးမီးယားလိဂ်မှာ နည်းပြလာခဲ့တဲ့ နှစ် ၂၀ ရှိပါပြီ။ ထိပ်သီးအသင်းခြောက်သင်းလုံး ချန်ပီယံဖြစ်နိုင်တဲ့ အခြေအနေက ပထမဆုံးအကြိမ်ပါပဲ။

လက်ရှိမှာ ချယ်လ်ဆီးအသင်းက အလွန်အသာရနေပါတယ်။ ဒါပေမဲ့ အားလုံးက အကောင်းဆုံးကစားပုံစံ ပြသနေကြပါတယ်။ အသင်းအားလုံးကို ကြည့်လိုက်ပါ။ ဘယ်သူမှ အများကြီး အမှတ်မဆုံးရှုံးသွားကြပါဘူး။ ကိုယ့်အသင်းကိုယ်ဂရုစိုက်ပြီး ကိုယ့်ပွဲကိုယ် အာရုံစိုက်ကြရမှာပါ။

အခု ကျွန်တော်တို့  ဥရောပပြိုင်ပွဲ၊ ဖလားပြိုင်ပွဲတွေနဲ့ ပွဲကြီးပွဲကောင်းတွေကို ကစားရပါမယ်။ ဘယ်အသင်းတွေဆက်ပြီး တင်ကျန်နေမလဲ။ ဘယ်သူမှ မပြောနိုင်ပါဘူး' ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly