ချယ်လ်ဆီးနည်းပြ ကွန်တီ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို သုံးလဆက်တိုက် စံချိန်တင် ရရှိ

ချယ်လ်ဆီးနည်းပြ ကွန်တီ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို သုံးလဆက်တိုက် စံချိန်တင် ရရှိ

ဇန်နဝါရီ ၁၅၊ အင်္ဂလန် ။              ။ ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။ ထို့ကြောင့် ကွန်တီသည် ပရီးမီးယားလိဂ်သမိုင်းတွင် တစ်လတာအကောင်းဆုံးနည်းပြဆုကို သုံးလဆက်တိုက် ရရှိသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာလအတွင်း ကစားခဲ့သည့် မန်စီးတီး၊ ဝက်စ်ဘရွန်း၊ ဆန်းဒါးလန်း၊ ပဲလေ့စ်၊ ဘုန်းမောက်၊ စတုခ်စီးတီးတို့ှနှင့် ပွဲစဉ်အားလုံးကို အနိုင်ရခဲ့ခြင်းကြောင့် ကွန်တီမှာ အကောင်းဆုံးဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုပွဲစဉ်ခြောက်ပွဲတွင် ချယ်လ်ဆီးအသင်းသည် ၁၃ ဂိုးသွင်းယူခဲ့ပြီး ၃ ဂိုးသာ ပြန်ပေးခဲ့ရသည်။

ကွန်တီသည် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် ငါးလအတွင်း တစ်လတာအကောင်းဆုံးဆုကို သုံးကြိမ်မြောက်ရရှိခြင်းဖြစ်သည်။ ထို့ကြောင့် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို၏ ဆုရသည့်အကြိမ်အရေအတွက်နှင့် တူညီသွားခဲ့သည်။

ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို မန်ယူနည်းပြဟောင်းကြီး ဖာဂူဆန်က ၂၇ ကြိမ်ဖြင့် အများဆုံးရရှိထားပြီး အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၁၅ ကြိမ်ဖြင့် ဒုတိယ၊ အဲဗာတန်နည်းပြဟောင်း မိုယက်စ်က ၁၀ ကြိမ်ဖြင့် တတိယအများဆုံး ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly