ဆန်းချက်ဇ်၏ အပြုအမူအတွက် ပြဿနာမရှိဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပြော

ဆန်းချက်ဇ်၏ အပြုအမူအတွက် ပြဿနာမရှိဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပြော

ဇန်နဝါရီ ၁၅၊ အင်္ဂလန် ။            ။ အာဆင်နယ်အသင်းက ဆွမ်ဆီးအသင်းကို ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် လူစားလဲခံရသောကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့သည့် ဆန်းချက်ဇ်၏ အပြုအမူအတွက်   ပြဿနာမရှိကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် အာဆင်နယ်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရနေသည့်အချိန်တွင် နည်းပြဝင်းဂါးသည် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့် ဆန်းချက်ဇ်ကို ၇၉ မိနစ်တွင် လူစားလဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ လူစားလဲခံရချိန်တွင် ဆန်းချက်ဇ်သည် သူ၏ လက်အိတ်များကို ကန်ထုတ်ခဲ့သည်။

'ကစားသမားတိုင်းက လူစားလဲခံရတဲ့အချိန်မှာ စိတ်ဆိုးကြတာပါပဲ။ တစ်ချို့က သူတို့ရဲ့ ခံစားချက်ကို ထုတ်ဖော်ပြသကြသလို တစ်ချို့ကတော့ မပြသကြပါဘူး။ ဆန်းချက်ဇ်ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ခံစားရပါတယ်။ ဆန်းချက်ဇ်က တကယ်ကို ကောင်းတဲ့သူပါ။ သူက အမြဲတမ်းအသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသူပါ။ ဒါကြောင့် ဘာပြဿနာမှ မရှိပါဘူး။

ယဉ်ကျေးမှုတိုင်းက ခြားနားမှုရှိပါတယ်။ တစ်ချို့တောင်အမေရိက ကစားသမားတွေက ဥရောပကစားသမားတွေနဲ့ ကွာခြားသလို ဥရောပတောင်ပိုင်းက ကစားသမားတွေနဲ့ မြောက်ပိုင်းက ကစားသမားတွေကလည်း ကွာခြားမှု အများကြီးရှိပါတယ်။ ဒါကို လေးစားရမှာပါ' ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly