ဘင်္ဂလားဒေ့ရှ် ကော်ဖီဆိုင် တိုက်ခိုက်မှု နောက်ကွယ်က ကြိုးကိုင်သူတစ်ဦးအား ဖမ်းဆီးမိ

ဘင်္ဂလားဒေ့ရှ် ကော်ဖီဆိုင် တိုက်ခိုက်မှု နောက်ကွယ်က ကြိုးကိုင်သူတစ်ဦးအား ဖမ်းဆီးမိ

ဒါကာ၊ ဇန်နဝါရီ ၁၄ ။               ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားသော လူ ၂၂ ဦးသေဆုံးသည့် ကော်ဖီဆိုင်တိုက်ခိုက်မှုတွင် နောက်ကွယ်က ကြိုးကိုင်သူဟု မှတ်ယူရသည့် အစ္စလာမ်မစ် အစွန်းရောက် တစ်ဦးအား ဖမ်းမိကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၄ ရက်၌ ပြောသည်။

မြို့တော်ဒါကာ မြောက်ဖက် ၆၃ မိုင်အကွာက အီလန်ဂါမြို့တွင် အကြမ်းဖက်တိုက်ဖျက်ရေးစီးနင်းမှုတစ်ရပ်အား ဇန်နဝါရီ ၁၃ ရက်ညက ပြုလုပ်ရာ ဂျာဟန်ဂါအလမ်ဆိုသူအား ဖမ်းဆီးမိခြင်းဖြစ်ကြောင်း
ရဲဌာနပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“သူက ကော်ဖီဆိုင်တိုက်ခိုက်မှုမှာ အဓိကကြိုးကိုင်သူတစ်ဦးဖြစ်ပါတယ်။”ဟု ဒါကာရဲတပ်ဖွဲ့လက်ထောက်ရဲမင်းကြီး ယူဆွတ်အလီက အေအက်ဖ်ပီသို့ ပြောသည်။

“သူက Jamayetul Mujahideen Bangladesh JMB အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ခုက အဖွဲ့ဝင်ပါ။ ဟိန္ဒူဘုန်းကြီးတွေနဲ့ ခရစ်ယာန်တစ်ဦးအပါအဝင် နိုင်ငံခြားသားတွေ ရှိနေတဲ့ ကော်ဖီဆိုင်ကို တိုက်ခိုက်လို့ လူပေါင်း ၂၂ ဦးသေဆုံးခဲ့မှုက သူနဲ့ တိုက်ရိုက်ပတ်သက်နေတာပါ။”ဟု ၎င်းကဆိုသည်။

သေဆုံးသူ နိုင်ငံခြားသား ၁၈ ဦးတွင် ဂျပန်နှင့် အီတလီနိုင်ငံသားတို့လည်း ပါဝင်သည်။ ယင်းတိုက်ခိုက်မှုက ပြီးခဲ့သည့်နှစ် ဇူလိုင် ၁ ရက်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းနေ့က ကော်ဖီဆိုင်ကို အစွန်းရောက်များက ဝင်စီးကာ ဆိုင်တွင်း ရှိနေသူများအား ဓားစာခံအဖြစ်ဖမ်းထားပြီး သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဓားဖြင့် လည်လှီးသတ်ဖြတ်ခြင်းများကို ကျုးလွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်ဖီဆိုင်စီးနင်းမှုကို စစ်တပ်က သံချပ်ကာယာဉ်များသုံးကာ အချိန် ၁၀ ခန့်ကြာ နှိမ်နင်းခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly