ဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ရာမှာ အဆင့်တွေ သိပ်များနေဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ရာမှာ အဆင့်တွေ သိပ်များနေဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ချင်းမိုင်၊ ဇန်နဝါရီ ၁၄ ။                     ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တပ်မတော်တို့အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကေအိုင်အိုအပါအဝင် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး၊ ၂၁ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် အဖွဲ့များပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျုးိများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်းရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် KIAမှ ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ဒု-ဥက္ကဌ (၂)လည်းဖြစ် DPN အဖွဲ့ဝင်လည်းဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ကို မဇ္ဈိမက ဆက်သွယ်ကာ တပ်စခန်းများသိမ်းဆည်းခံရမှု အခြေအနေ၊ ယခင်အစိုးရနှင့် လက်ရှိ အစိုးရတို့အကြား ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များနှင့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်သဘောထားများကို   မေးမြန်းထားသည့်အထဲမှ ကောက်နှုတ်တင်ပြလိုက်သည်။

မေး။ ။ လတ်တလော ကချင်ပြည်နယ်ထဲက တိုက်ပွဲ အခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ။ ။ တိုက်ပွဲက ပိုပြီး များပြားလာတယ်။ ပိုပြီး ပြင်းထန်လာတယ်။ ပြီးတော့ တပ်ရင်း ဌာနချုပ်ချုပ်က တပ်ရင်းတွေကို တစ်ခုပြီး တစ်ခု တိုက်ယူနေတဲ့ အနေအထားဖြစ်နေပါတယ်။

မေး။ ။ ဒီနှစ်ထဲမှာ တပ်မတော်ဘက်ကနေ တိုက်ယူခဲ့တဲ့ KIA ရဲ့ တပ်စခန်း ဘယ်နှစ်ခုလောက် ရှိလဲ။

ဖြေ။ ။ ကျနော်တို့ အခု တပ်စခန်းဆိုရင်တော့ အားလုံး ၄ ခုလို့ ပြောလို့ရပါတယ်။ ကျန်တဲ့ဟာတွေကတော့ ရှေ့ကာကင်းလို နေရာမျိုးဖြစ်တာပေါ့လေ။ အဲတော့ စခန်းနေရာ ၄ ခုဖြစ်ပါတယ်။

မေး။ ။ တိုက်ပွဲတွေ ပြင်းထန်းလာတဲ့အပေါ်မှာ KIO ဘက်ကနေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တစ်စုံတစ်ရာ တင်ပြခဲ့တာတွေ ရှိလား။

ဖြေ။ ။ ကျနော်တု့ိ KIO အနေနဲ့တော့ KIO ဆွေးနွေးဖို့ နှစ်ဖက်ဆွေးနွေးဖို့ တင်ပြထားတာ ၆ လလောက်ရှိပြီ။ ဒါပေမဲ့ အစိုးရက ဘာမှ အကြောင်းပြန်ကြားချက် မရှိပါဘူး။ ဒါပေမဲ့ ကျနော်တု့ိကတော့ UNFC ကနေပြီးတော့ DPN ရဲ့ ဆွေးနွေးမှုအောက်ကနေ သွားနေပါတယ်။

မေး။ ။ DPN ကနေ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးညှိနှိုင်းမှုမှာ ဘယ်လို အချက်တွေက အခက်ခဲဆုံးဖြစ်လဲ။

ဖြေ။ ။ အဓိကတော့ ကျနော်တို့ DPN က အချက် ၉ ချက်ကို တင်ပြထားတ။ တချက်မှ အဆင်မပြေသေးပါဘူး။ အဲဒီကိစ္စကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ဘာဖြစ်လု့ိဆိုတာထက် ဒီဆွေးနွေးမှုက တခုမှ သဘောတူညီချက်မရသေးဘူး။

မေး။ ။ မနေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးတဲ့ထဲမှာ ဘယ်အတိုင်းအတာထိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့လဲ။ ဒီဆွေးနွေးမှုက ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အထောက်အကူပြုမယ်ထင်သလဲ။

ဖြေ။ ။ မနေ့က ဆွေးနွေးတာက အလွတ်သဘောဆိုတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ ဒါပေမဲ့ ဒါကို နောင်တကယ် အစည်းအဝေးတွေ ဖြစ်လာရင် ကြိုတင်ပြီးမှ ဆွေးနွေးကြတဲ့ သဘောဆိုတော့ တစုံတရာ ဆုံးဖြတ်ချက်တွေ အစည်းအဝေးတော့ မဟုတ်ပါဘူး။ ဆွေးနွေးမှုတိုင်းက ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့ ဆွေးနွေးကြတာပါပဲ။ အဲဒီဆွေးနွေးမှုမှာရရှိတဲ့ နားလည်မှုနဲ့ ရလဒ်ကို ဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ မနေ့က ဆွေးနွေးချက်တွေကို အစိုးရဘက်ကရော UNFC ဘက်ကရော ဘယ်လောက်ထိ အသုံးချနိုင်မလဲဆိုတာကိုတော့ ကျနော်တို့ တကယ်ပဲ အချိန်ကို စောင့်ကြည့်ပြီးမှပဲသိရမှာပါ။

မေး။ ။ အရင် အစိုးရလက်ထက်က ဦးအောင်မင်း ဦးဆောင်တဲ့ MPC နဲ့ ဆွေးနွေးတာ သုံးနှစ်ကြာခဲ့တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေရင်း ပစ်ခတ်သံတွေ ဆက်ကြားနေတယ်။ ဆိုတော့ အဲဒီ သုံးနှစ်ကြာ ဆွေးနွေးမှုရလဒ်က ဘာတွေလဲလို့ ပြောလု့ိ ရမလဲရှင်။

ဖြေ။ ။ သုံးနှစ်တာ ဆွေးနွေးမှု ရလဒ်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေးစာချုပ် မူကြမ်းတစ်ခု ရရှိတယ်။ ဒါပေမဲ့ အဲဒီမူကြမ်းအပေါ်မှာ အားလုံးပါဝင်နိုင်ဖို့ ကြတော့ အစိုးရဘက်က လက်မခံဘူး။ အဲတော့ တဝက်တပြတ်နဲ့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးပြီးမှ အားလုံးမပါဝင်ဘဲနဲ့ ရှေ့ဆက်ရမယ့်လမ်းကြောင်းကို သွားနေတာ ရလဒ်က အဲဒီလောက်ပါပဲ။

မေး။ ။ ဦးအောင်မင်းဦးဆောင်တဲ့ MPC မဟုတ်ဘဲ အခု ဦးအောင်ကြည် ဦးဆောင်တဲ့ DPN ကြား ကွာဟချက်တွေက ဘာလဲ။

ဖြေ။ ။ ကွာဟချက်လို့ ပြောတဲ့အခါမှာ အရင် ဦးအောင်မင်းတုန်းကတော့ သူက တိုက်ရိုက် သမ္မတဆီကနေ အမိန့်ခံယူပြီးတော့ သူတိုက်ရိုက်လုပ်လို့ရတယ်။ အခုကကြားမှာ အဆင့်တွေနဲ့ ဆက်လုပ်နေရတယ်။ ပြီးတော့ ဒီမိုကရေစီနည်းအရ လုပ်တဲ့အခါကြတော့ အဆင့်တွေ သိပ်များတယ်။ အဲတော့ အလုပ်တွေက သိပ်မသွင်ကျယ်သလို ဖြစ်နေတယ်။

အဆင့်ဆိုတာက ဒီငြိမ်းချမ်းရေးကော်မရှင် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ရောက်ဖို့အတွက် အဆင့်ဆင့်ကျော်ဖြတ်ရတဲ့အဆင့်တွေ၊ နောက်ပြီးတော့ အစိုးရအပိုင်းကလည်း အစိုးရရဲ့ တာဝန်ဝတ္တရားတွေကို လုပ်နေတဲ့အခါကြတော့ တဖက်က ညီလာခံကိစ္စတွေ လုပ်နေရတဲ့အခါမှာ ဒီ NCA နောက်ဆက်တွဲလုပ်တဲ့အပိုင်းမှာ အချိန်ကြန့်ကြာမှုတွေ ရှိပါတယ်။ အဲဒါ ကွာခြားချက်ဖြစ်ပါတယ်။

မေး။ ။ အရင် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရနဲ့ အခု ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအပေါ် ဘယ်လို မြင်သလဲ။ ဘယ်အစိုးရက ငြိမ်းချမ်းရေးအတွက် ပွင့်ပွင့်လင်းလင်း လုပ်နေတယ်လို့ ပြောချင်လဲ။

ဖြေ။ ။ ဘယ်လိုမြင်သလဲလို့ ပြောရရင် ဒါကတော့ မတူပါဘူး။ အရင်ဦးသိန်းစိန်ကလည်း သူလုပ်နိုင်တဲ့အပိုင်းတွေကို လုပ်တယ်။ အခုအစိုးရကလည်း သူတို့ရဲ့ ဆန္ဒဘက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားတယ်။ ဘယ်လိုမြင်သလဲ ဆိုတာထက် အစိုးရအပိုင်း ပိုလုပ်ဖို့ လိုအပ်တဲ့တာဝန်တွေကို သူတို့ရဲ့ ရည်မှန်းချက်တွေ ရောက်အောင် လုပ်နေကြတယ်လို့ပဲ မြင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပွင့်ပွင့်လင်းလင်းလုပ်နေတဲ့အပိုင်းက ပြောဖို့ ခက်တယ်။ ပွင့်လင်းတယ်ဆိုတာက ပြည်သူလူထုနဲ့ တွေ့ရုံနဲ့ ပွင့်လင်းတယ်လို့ ပြောဖို့ ခက်တယ်။ အစိုးရတိုင်းမှာက လူထုကို မပြောဘဲနဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ လျို့ဝှက်ထားဖို့ လိုအပ်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ အဲတော့ ပွင့်လင်းမှုဆိုတာ ဘယ်အစိုးရပဲဖြစ်ဖြစ် အပြည့်အဝပွင့်လင်းဖို့ဆိုတာ မလွယ်ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ပြောပါတယ်။ လက်တွေ့ဖြစ်လာနိုင်သလား။ ငြိမ်းချမ်းရေးနှစ်လို့ ပြောလို့ရအောင် ဘယ်သူတွေ ဘာလုပ်ဖို့ လိုမလဲ။ ဘာတွေ ပြင်ဆင်ရမလဲ။

ဖြေ။ ။ အခုအချိန်က ပြောဖို့ ခက်ပါတယ်။ အခုတိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ပြီးတော့ ဆွေးနွေးပွဲတွေလည်း ရပ်တန့်နေတယ်ဆိုတော့ ၂၀၁၇ ခုနှစ်က အခု ဒီဇန်နဝါရီတောင်မှ မကုန်သေးဘူးဆိုတော့ ငြိမ်းချမ်းရေးနှစ် ဖြစ်သလား။ မဖြစ်ဘူးလားဆိုတော စောင့်ကြည့်ရဦးမှာပါ။ အဓိကတော့ နှစ်ဖက်စလုံးက ဆန္ဒပေါ့လေ။ တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားမယ်ဆိုတဲ့ဆန္ဒ၊ ပြီးတော့   ပြည်သူလူထုကလည်း ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖု့ိ လိုပါတယ်။ ပြင်ဆင်ထားသင့်တာကတော့ အားလုံးကို တိုင်ပင်ပြီးမှပဲ ရှေ့လုပ်ငန်းစဉ်တွေကို ရေးဆွဲဖို့ လိုပါတယ်။ ကြိုတင် စည်းမျဉ်းစည်းကမ်းတွေနဲ့ မလုပ်ဖို့ရယ်။ ပြီးတော့ ဆွေးနွေးမယ့်လူအားလုံးကို တန်းတူအလေးထားပြီး ဆွေးနွေးဖို့ လိုပါတယ်။ ဒါဟာ ပြင်ဆင်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ စိတ်ဓါတ်ရေးရာ ဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဘယ်လို ဆက်လက် လုပ်ဆောင်သွားသင့်လဲ။

ဖြေ။ ။ အဓိကတော့ တန်းတူဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲပဲလိုပါတယ်။ အဲဒီဆွေးနွေးပွဲ ဖြစ်လာလို့ ရှိရင်တော့ ငြိမ်းချမ်းရေးကတော့ လွယ်လွယ်ကူကူနဲ့ အောင်မြင်သွားမှာပါ။

မေး။ ။ မကြာမီမှာ ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံ လုပ်တော့မယ်။ ဒီညီလာခံက တကယ် အနှစ်သာရရရှိတဲ့ ညီလာခံမှာ တိုင်းရင်းသားတွေ ပြောရေးဆိုခွင့်နဲ့ ရပိုင်ခွင့်တွေ ဘယ်လောက်ထိ အကောင်အထည်ဖော်ပေးနိုင်မယ့် ညီလာခံလို့ ပြောနိုင်မလဲ။

ဖြေ။ ။ ကျနော်တို့က အစီအစဉ်တွေ ဘာမှ မသိရသေးတော့ ပြောရတာ ခက်ပါတယ်။ အစီအစဉ်တွေ ထွက်လာတယ်။ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အစိုးရရဲ့ ကြေငြာချက်တွေ ထွက်လာမှ သုံးသပ်လို့ ရမှာပါ။ ညီလာခံမှာ တိုင်းရင်းသားတွေဘက်က ပြောရေးဆိုခွင့်နဲ့ ရပိုင်ခွင့်တွေ ဘယ်လောက်ရှိတယ်ဆိုတာ အစိုးရလက်ထဲမှာပဲ ရှိပါတယ်။

မေး။ ။ NRPC က ငြိမ်းချမ်းရေးအတွက် အလှူခံနေတာတွေ ရှိတယ်။ ဒီ့အပေါ်မှာ ဘာပြောချင်သလဲ။ ဘယ်လို ထင်မြင်ယူဆသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ဝေဖန်ချက် မလုပ်ချင်ပါဘူး။ ဒါ သူတု့ိရဲ့ ရည်မှန်းချက်နဲ့ လုပ်တဲ့အခါမှာ ပါဝင်ဖို့ ဆန္ဒရှိတဲ့ လူတွေလည်း ပါဝင်ကြမှာပါ။ ကျနော်တို့က ဝေဖန်မှု မပေးပါဘူး။

မေး။ ။ NLD အမတ်တွေ ငြိမ်းချမ်းရေးအတွက် သိန်း ၂၀၀၀ လှူတယ်။ ဘယ်နေရာတွေမှာအဓိက သုံးသင့်သလဲ။ ဒီငွေတွေကရော ငြိမ်းချမ်းရေးအတွက် ဘယ်လောက် အထောက်အကူပြုမယ်လို့ ထင်သလဲ။

ဖြေ။ ။ ဒါလည်း ဘာမှ ဝေဖန်စရာမရှိဘူး။ NLD အစိုးရက ဦးဆောင်တယ်ဆိုရင်တော့ သူဆန္ဒရှိတဲ့ နေရာမှာ အသုံးချကြမှာပါ။ ကျနော်တို့ အနေနဲ့ ဒီကိစ္စကို အထူးတလေ ပြောစရာ မရှိပါဘူး။

မေး။ ။ တခြားထပ်ဖြည့် ပြောပြချင်တာ ရှိသေးလားရှင်။

ဖြေ။ ။ မရှိပါဘူးခင်ဗျာ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly