မ.ထ.သမှ အများပိုင်ယာဉ်လိုင်းစနစ်ဖြင့် ပြေးဆွဲနိုင်ရန် လက်ရွေးစင် ယာဉ်မောင်း ၁၄၁ ဦးရရှိပြီဟုဆို

မ.ထ.သမှ အများပိုင်ယာဉ်လိုင်းစနစ်ဖြင့် ပြေးဆွဲနိုင်ရန် လက်ရွေးစင် ယာဉ်မောင်း ၁၄၁ ဦးရရှိပြီဟုဆို
ရန်ကုန်တိုင်းဒေသကြီးအတွင်း မကြာမီပြေးဆွဲတော့မည့် အများပိုင်စနစ်တွင် မ.ထ.သကလည်း ထိုစနစ်ဖြင့် ပါဝင်ပြေးဆွဲနိုင်ရန်အတွက် လက်ရွေးစင် ယာဉ်မောင်း ၁၄၁ ဦး ရရှိပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီလ ၁၄။  ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မကြာမီပြေးဆွဲတော့မည့် အများပိုင်စနစ်တွင် မ.ထ.သကလည်း ထိုစနစ်ဖြင့် ပါဝင်ပြေးဆွဲနိုင်ရန်အတွက် လက်ရွေးစင် ယာဉ်မောင်း ၁၄၁ ဦး ရရှိပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။

လျှောက်ထားလာသော ယာဉ်မောင်းများထဲမှ ရွေးထုတ်ကာ ဇေကမ္ဘာဥယျာဉ်ဝန်းအတွင်း ဘတ်စ်ကားများကို လက်တွေ့မောင်းစေပြီး စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စမ်းသပ်မှုပြုလုပ်ပြီး အုပ်စု ၃ ခုခွဲကာ လက်ရွေးစင် ယာဉ်မောင်းများကို ရွေးချယ်ခြင်းဖြစ်ကြောင်း ဦးကိုကိုနိုင်က ဆိုသည်။

"အဲ့ဒီအပေါ်မှာ ထပ်ပြီးတော့ လိုင်းစင်က ၃ နှစ်တော့ ကျော်ပြီ၊ မောင်းတာလည်းကျွမ်းကျင်တယ်။ ဒါပေမယ့် သူတို့ကို ကျွန်တော်တို့ သင်တန်းပို့ရဦးမယ်။ ဒီအတိုင်း တက်မောင်းခိုင်းလို့မရဘူး။ လိုင်းစင်အနီမဟုတ်တဲ့အတွက်။ အဲ့ဒီလိုလူမျိုးကိုလည်း တော်တော်များများရထားပြီးပြီ။ အဲ့လိုလူတွေကို သင်တန်းပို့ဖို့လည်း စီစဉ်နေပါပြီ။ "ဟု ဦးကိုကိုနိုင်က ရှင်းပြသည်။

လက်ရှိတွင် နေ့စဉ် ယာဉ်မောင်းလာရောက်လျှောက်ထားသည့် ဦးရေမှာ ၁၄ဝ ခန့်ရှိကြောင်း၊ လျှောက်လွှာလာ တင်ထားသည့် ယာဉ်မောင်းများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မ.ထ.သမှ အများပိုင်စနစ်ဖြင့် ပြောင်းလဲပြေးဆွဲနိုင်ရန် တရုတ်နှင့် ကိုးရီးယားနိုင်ငံမှာ ဘတ်စ်ကားအစီးရေ 
၄၂ဝ မှာယူထားသည့်အတွက် ယာဉ်မောင်းအနိမ့်ဆုံးဦးရေ ၅ဝဝထိ ခန့်သွားမည်ဟု ဆိုသည်။

"ကျွန်တော်တို့ လက်ရှိမှာ ယာဉ်မောင်း ဘယ်လောက်လိုနေလဲဆိုတော့ အခုဆိုရင် ကားအစီးရေ ၄၂ဝ မှာထားတဲ့ အတွက် ယာဉ်မောင်း ၄၂ဝ လိုဦးမယ်။ သူတို့ကို နားရက်ပေးရဦးမှာ ဖြစ်တဲ့ အတွက်ကြောင့်လည်း အနိမ့်ဆုံး ၅ဝဝ လောက်ခန့်ရမှာဖြစ်တယ်။"ဟု ရန်ကုန်မြို့ပြ အများ ပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးကိုကိုနိုင်က ပြောသည်။

လက်ရှိတွင် မှာယူထားသည့် ဘတ်စ်ကားများထဲမှ ဘတ်စ်ကားစီးရေ ၁၃၁ စီး ရောက်ရှိပြီဖြစ်ကြောင်း၊ ကမ်းနားမှ ထုတ်၍မရသေးသည့် ဘတ်စ်ကားအစီးရေ ၉ဝ ခန့်ရှိပြီး ပြင်ဆင်ပြီးသည့် ဘတ်စ်ကားစီးရေ ၅၇ စီး ရှိသည်ဟု တာဝန်ယူပြင်ဆင်နေသည့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာ ဇော်အောင်နိုင် ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly