ဖိလစ်ပိုင်တွင် ပြန်ပေးဆွဲခံခဲ့ရသည့် တောင်ကိုရီးယား ဓါးစာခံ ပြန်လည်လွတ်မြောက်လာ

ဖိလစ်ပိုင်တွင် ပြန်ပေးဆွဲခံခဲ့ရသည့် တောင်ကိုရီးယား ဓါးစာခံ ပြန်လည်လွတ်မြောက်လာ

ဇန်နဝါရီ ၁၄ ။           ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သည့် သုံးလအကြာက သံသယရှိ အစ္စလမ္မစ် စစ်သွေးကြွများ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့သော တောင်ကိုရီးယား သင်္ဘောကပ္ပတိန်တစ်ဦးနှင့် ဖိလစ်ပိုင် သင်္ဘောသားတစ်ဦးတို့ ယခုအခါ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ၏ ငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ်က ပြောသည်။

နိုင်ငံတောင်ပိုင်း စစ်သွေးကြွများ ခိုအောင်းရာအရပ်ဟု သိထားကြသည့် ဝေးလံခေါင်းပါးသော Sulu အရပ်သိ့ုခေါ်ဆောင်သွားခြင်း ခံထားရသော ဓါးစာခံ နှစ်ဦး ဇန်နဝါရီ ၁၄ ရက်တွင်   ပြန်လွတ်လာ ခဲ့ပြီဖြစ်ကြောင်း သမ္မတ ဒူတာတေး၏ အကြီးတန်းအကြံပေး Jesus Dureza က အတည်ပြုသည်။

အဘူဆေရက်ဖ် စစ်သွေးကြွအဖွဲ့မှ လက်နက်ကိုင်များသည် ပြီးခဲ့သည့် အောက်တိုဘာလက တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးမှ အထက်ပါနှစ်ဦးအား ဓါးစာခံဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က ထုတ်ဖော်ပြောကြားခဲ့သည်။

အဘူဆေရက်ဖ် အဖွဲ့သည် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် တည်ထောင်ခဲ့သည့် စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်ပြီး အိုစမာဘင်လာဒင်၏ အယ်လ်ကိုင်ဒါအဖွဲ့ထံမှ ထောက်ပံ့ငွေများ ရရှိနေသည့်အပြင်   ပြန်ပေးဆွဲခေါ်ဆောင်ကာ ပြန်ပေးငွေအမြောက်အမြားတောင်းကာ လှုပ်ရှားနေသော အဖွဲ့တစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly