ထိုင်းဘုရင်အကြံပြုသည့်အတိုင်း ဖွဲ့စည်းပုံပြင်ဆင်ချက်ကို လွှတ်တော်က တစ်ခဲနက်အတည်ပြု၍ ရွေးကောက်ပွဲက ကြန့်ကြာဖွယ်ရှိ

ထိုင်းဘုရင်အကြံပြုသည့်အတိုင်း ဖွဲ့စည်းပုံပြင်ဆင်ချက်ကို လွှတ်တော်က တစ်ခဲနက်အတည်ပြု၍ ရွေးကောက်ပွဲက ကြန့်ကြာဖွယ်ရှိ

ဘန်ကောက်၊ ဇန်နဝါရီ ၁၃ ။            ။ ထိုင်းဘုရင်သစ်၏ ရုံးတော်က အကြံပြုချက်အတိုင်း ဖွဲ့စည်းပုံပြင်ဆင်ချက် စစ်တပ်ကျောထောက်နောက်ခံပြုသော လွှတ်တော်က တစ်ခဲနက်မဲပေးအတည်ပြုလိုက်ပြီဖြစ်ရာ နှစ်ကုန်တွင် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပဖြစ်ရေးက ကြန့်ကြာနိုင်ဖွယ်ရှိသည်။

စစ်တပ်နောက်ကွယ်ကနေ ရေးဆွဲသော ယခု ဖွဲ့စည်းပုံသည် ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံအား ဒီမိုကရေစီအုပ်ချုပ်ရေးသို့ တစ်ကျော့ပြန်စေမည့် ရွေးကောက်ပွဲများ ကျင်းပရေးတွင် ချုပ်ကိုင်ထိန်းချုပ်ထားနိုင်ရေးအတွက် စစ်အစိုးရ၏ အစီအစဉ်များမှ အဓိကကဏ္ဍတစ်ရပ်ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံမူကြမ်းကို ပြီးခဲ့သည့်နှစ်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲက အတည်ပြုခဲ့ပြီး ဘုရင်မင်းမြတ် မဟာဝါဇီရာလောင်ကွန်း၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ဘုရင်သစ် ဝါဇီရာလောင်ကွန်းသည် ထိုင်းပြည်သူများ၏ ချစ်ခင်ကြည်ညိုမှုကို ရရှိသော နန်းစံသက် နှစ် ၇၀ စိုးစံခဲ့သည့် ခမည်းတော် ဘုရင်ကြီး ဘူမိဘော နတ်ရွာစံပြီးနောက် ဒီဇင်ဘာတွင် ထီးနန်းဆက်ခံ စိုးစံလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံမူကြမ်းတွင် တော်ဝင်နန်းတော်၏ အခွင့်အာဏာနှင့် ပတ်သက်သည့် အပိုဒ်ခွဲငယ်တစ်ချို့ကို ပြင်ဆင်ရန် ဘုရင်မင်းမြတ် ဝါဇီရာလောင်ကွန်း၏ ရုံးတော်က တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဇန်နဝါရီ ၁၀ ရက်၌ ပြောကြားခဲ့သည်။

ထိုသို့ ပြင်ဆင်မှုအတွက် အမျိုးသားဥပဒေပြုလွှတ်တော်က ဦးစွာပြင်ဆင်ချက် ထုတ်ပြန်ရခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၃ ရက် လွှတ်တော်တွင် အမတ် ၂၃၁ ဦးအနက် ပြင်ဆင်ချက်ကို ထောက်ခံပေးမဲသည်က ၂၂၈ ဦးနှင့် ကြားနေက သုံးဦးရှိကြောင်း လွှတ်တော်မဲပေးမှု ရုပ်မြင်သံကြားထုတ်လွှင့်မှုအရ သိရသည်။

လွှတ်တော်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ချက်တွင် ဘုရင်အနေဖြင့် ပြည်ပခရီးထွက်ခွာရာတွင် ၎င်းနေရာ၌ ယာယီအုပ်ချုပ်သူ ခန့်အပ်ခြင်းမရှိဘဲ သွားရောက်နိုင်ခွင့်ရှိသည်ဆိုသော ပြင်ဆင်ချက်ကို ထည့်သွင်းခဲ့သည်။

ဘုရင်ဝါဇီရာလောင်ကွန်းသည် အိမ်ရှေ့စံမင်းသားဘဝ၌ ရှိစဉ် ပြည်ပနိုင်ငံများသို့ မကြာခဏသွားရောက်လေ့ရှိသူတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly