ဒူတာတေး၏ မူးယစ်စစ်ပွဲအပေါ် ရှင်ဇိုအာဘေးက အကူအညီကမ်းလှမ်း

ဒူတာတေး၏ မူးယစ်စစ်ပွဲအပေါ် ရှင်ဇိုအာဘေးက အကူအညီကမ်းလှမ်း

မနီလာ၊ ဇန်နဝါရီ ၁၂ ။          ။ တရုတ်နှင့် ပိုင်နက်အငြင်းပွားမှုများကို ဦးတည်ထားလျက် ဆွေးနွေးပွဲများ ကျင်းပရန် ဖိလစ်ပိုင်သို့ ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါးစစ်ပွဲတွင် ကူညီရန် ဇန်နဝါရီ ၁၂ ရက်က ကမ်းလှမ်းစကားပြောခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်လယ်ပိုင်းက ဒူတာတေး သမ္မတတာဝန်စတင်ထမ်းဆောင်ချိန်မှစကာ နိုင်ငံခြားခေါင်းဆောင်တစ်ဦး ပထမဆုံးရောက်ရှိခြင်းအဖြစ် အာဘေး၏ နှစ်ရက်တာခရီးစဉ်သည် ဖိလစ်ပိုင်၏ ထိပ်တန်းကုန်သွယ်ဖက်နှင့် နိုင်ငံခြားအကူအညီပေးရာအဖြစ် ဂျပန်နိုင်ငံက အရေးပါကြောင်းကို ထင်ရှားစေသည်။

ရေရှည်မဟာမိတ်ဖြစ်ခဲ့သော အမေရိကန်နှင့် ဖယ်ခွာကာ တရုတ်နှင့် ရုရှဖက်သို့ ယိမ်းနေသည့် ဒူတာတေး၏ နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲ ပုံဖော်နေစဉ် ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံက ခိုင်မြဲသည့် ဆက်ဆံရေးထူထောင်ရန်အတွက်လည်း အာဘေးခရီးစဉ်က ရည်ရွယ်သည်။

ခရီးစဉ်က သမ္မတနန်းတော်တွင် အာဘေးအား ဒူတာတေးက နွေးထွေးစွာကြိုဆိုမှုဖြင့် စတင်သည်။ ဒူတာတေးအနေဖြင့်လည်း တရားလက်လွန်သတ်ဖြတ်ခြင်းများ ရှိနေသည်ဟု စွပ်စွဲခံထားရသော ၎င်း၏ မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ပွဲအတွက် ထောက်ခံမှု ရရေးကြိုးစားရာ၌ များစွာခရီးရောက်သည်။

“မူးယစ်မှောင်ခိုတိုက်ဖျက်ရေးမှာ ဖိလစ်ပိုင်ကို ထောက်ပံ့နိုင်မယ့် သင့်တော်တဲ့ လုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ အတူပူးတွဲလုပ်ဆောင်သွားဖို့ လိုလားပါတယ်။”ဟု အာဘေးက ပြောခဲ့သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး လိုအပ်သည့် ပစ္စည်းပစ္စယ၊ အဆောက်အအုံများနှင့် ကုသစောင့်ရှောက်ရေးအစီအစဉ်များ၌ ဂျပန်နိုင်ငံက ကူညီသွားမည်ဖြစ်ကြောင်း အာဘေးက ပြောသည်။

မူးယစ်ဆေးဝါးစစ်ပွဲအပေါ် ဝေဖန်ကြသည့် အမေရိကန်သမ္မတ အိုဘားမားနှင့် ဥရောပနိုင်ငံရေးသမားများကို ကြိမ်းမောင်းပြောဆိုဖူးသည့် ဒူတာတေးက အာဘေး၏ အကူအညီကမ်းလှမ်းမှုကို အလေးအနက်ထားခဲ့သည်။

“မူးယစ်ဆေးဝါးကုန်ကူးမှုတွေကို ဖျက်ဆီးပစ်ဖို့ ဖိလစ်ပိုင်က အားစိုက်ထုတ်နေချိန်မှာ ဆေးစွဲမှုပြဿနာကြောင့် အလွန်အမင်းလူမှုရေးကုန်ကျစရိတ်တွေကို ကုစားနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ခုလိုကမ်းလှမ်းတာကို ကျွန်တော်တို့ ဝမ်းမြောက်ရပါတယ်။”ဟု ဒူတာတေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly