ငါးဖမ်းရန် ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေး

ငါးဖမ်းရန် ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေး
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဇန်နဝါရီ ၁၂ ။                   ။ မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းရန်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား ပြစ်ဒဏ်ကျခံနေရာမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲက ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာ့ရေပိုင်နက်အတွင်းတွင် ငါးဖမ်းစက်လှေဖြင့် ဝင်ရောက်၍ ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ်၊ အုန်းကျွန်း ကျေးရွာနေ ရော်ရှီး အူလ္လာနှင့် ငါးဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ဘူးသီးတောင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံစေခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် သမ္မတရုံးမှ အမိန့်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အား ဘူးသီးတောင် အကျဉ်းထောင်မှ ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးပြည်သူ့ အင်အားဦးစီးဌာနသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly