ရီးယဲလ်နှင့် ဘာစီလိုနာတို့မှ စိတ်ဝင်စားနေသည့် ဒိုင်ဘာလာကို ဂျူဗင်တပ်စ် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်း

ရီးယဲလ်နှင့် ဘာစီလိုနာတို့မှ စိတ်ဝင်စားနေသည့် ဒိုင်ဘာလာကို ဂျူဗင်တပ်စ် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်း

ဇန်နဝါရီ ၁၂၊ အီတလီ ။            ။ စပိန်ထိပ်သီးကလပ်များဖြစ်သည့် ရီးယဲလ်နှင့်ဘာစီလိုနာတို့မှ စိတ်ဝင်စားနေသည့် အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာကို ဂျူဗင်တပ်စ်အသင်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အတွက် ခြေစွမ်းပြခဲ့သည့်ဒိုင်ဘာလာမှာ ယခုနှစ် ပထမရာသီဝက်တွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ရလျက်ရှိသည်။ သို့သော် ဒိုင်ဘာလာမှာ အတ္တလန္တာကို ၃-၂ ဂိုးဖြင့် အနိုင်ရသည့် ကိုပါအီတာလီယာပွဲစဉ်တွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထိုဂိုးမှာ ယခုနှစ်ရာသီတွင် ဂျူဗင်တပ်စ်အတွက် ၎င်းသွင်းယူသော ၄ ဂိုးမြောက်ဂိုးဖြစ်သည်။

ရီးယဲလ်နှင့် ဘာစီလိုနာတို့က ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဒိုင်ဘာလာက ဂျူဗင်တပ်စ်အသင်းတွင်သာ ပျော်ရွှင်နေကြောင်း ပြောဆိုထားသည်။

‘ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်လား။ သူတို့ဆီက ဘာကမ်းလှမ်းမှုမှ မရှိပါဘူး။ ကျွန်တော် ဂျူဗင်တပ်စ်မှာ အဆင်ပြေပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော့်အေးဂျင့်က စာချုပ်သစ်ကိစ္စအတွက် တူရင်မြို့ကို လာပါလိ့မ်မယ်။ ကျွန်တော့်အတွက် ဂျူဗင်တပ်စ်နဲ့သက်တမ်းတိုးဖို့ ဘာပြဿနာမှ မရှိပါဘူး။ အခုအချိန်မှာ ကျွန်တော်ကတော့ ဂျူဗင်တပ်စ်အသင်း အကြောင်းကိုပဲ စဉ်းစားပါတယ်’ ဟု ဒိုင်ဘာလာက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly