အာဖဂန်နစ္စတန်လွှတ်တော်အနီး ဗုံးနှစ်လုံးဆင့်ပေါက်ကွဲရာ သေဆုံးသူ ၂၀ ကျော်ရှိ

အာဖဂန်နစ္စတန်လွှတ်တော်အနီး ဗုံးနှစ်လုံးဆင့်ပေါက်ကွဲရာ သေဆုံးသူ ၂၀ ကျော်ရှိ

ကဘူးလ်၊ ဇန်နဝါရီ ၁၀ ။            ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ လွှတ်တော်အနီးနား ဗုံးနှစ်ကြိမ်ဆင့်ပေါက်ကွဲ၍ သေဆုံးဒဏ်ရာရသူများပြားဖွယ်ရာရှိနေသည်။

အဆိုပါဗုံးပေါက်ကွဲမှုပတ်သက်ပြီး သတင်းတစ်ရပ်က သေဆုံးသူ ၂၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဖော်ပြသည်။

လွှတ်တော်အဆောက်အအုံဝင်းအတွင်းမှ အလုပ်သမားများ ထွက်လာချိန်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခြင်းဖြစ်ကာ မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခြင်း မရှိသေးပေ။

"ပထမဗုံးက လွှတ်တော်အပြင်နားမှာ ပေါက်တာ။ အပြစ်မဲ့အလုပ်သမားတွေ တော်တော်များများ သေဆုံးဒဏ်ရာရတယ်။ အသေခံဗုံးပါ။ ဗုံးခွဲသမားက ခြေလျင်ပဲ ရောက်လာပြီး ဖောက်ခွဲတာဖြစ်တယ်။"ဟု ဒဏ်ရာရလွှတ်တော်လုံခြံုရေးအစောင့် ဇာဘီက အေအက်ဖ်ပီသို့ပြောသည်။

" ဒုတိယဗုံးက ကားဗုံးဖောက်ခွဲတာပါ။ လမ်းတစ်ဖက်မှာ ရပ်ထားတဲ့ကားက ထပေါက်ကွဲတာ။ ပေါက်ကွဲအရှိန်ကြောင့် ကျွန်တော် နောက်ပြန်လွင့်ထွက်သွားရတယ်။" ဟု ၎င်းက ထပ်လောင်းပြောသည်။

တိုက်ပွဲများ ပါးလျတတ်လေ့ရှိသည့် ဆောင်းတွင်းအချိန်အခါဖြစ်သော်လည်း နိုင်ငံတကာအသိုင်းအဝန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ကျင်းပနိုင်ရေး ကူညီရိုင်းပင်းလျက်ရှိနေသည့်ကြားမှ တာလီဘန်များက တိုက်ခိုက်မှုများကို အဆက်မပြတ်ဆင်နွှဲလျက်ရှိနေချိန်လည်းဖြစ်သည်။

ယခုဗုံးခွဲမှုများက ဌာနေတာလီဘန်သောင်းကျန်းသူများနှင့်အတူ အယ်လ်ခိုင်ဒါ၊ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်နေရသည့် အာဖဂန်တပ်ဖွဲ့များကို စစ်သင်တန်းပို့ချလျက်ရှိသော အမေရိကန်စစ်သား ၁၀၀၀၀ ဝန်းကျင်နီးပါးရှိနေသည့် အာဖဂန်နစ္စတန်နိုင်ငံ၏ လုံခြံုရေးအတွက် စိုးရိမ်ပူပန်မှုကို မီးမောင်းထိုးပြလျက်လည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly