ပင်လယ်ရေကြောင်း ပြန်ပေးဆွဲဖမ်းဆီးခံရမှု ဖြစ်စဉ်များ ဆယ်နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ဟု စောင့်ကြည့်အဖွဲ့ ပြော

ပင်လယ်ရေကြောင်း ပြန်ပေးဆွဲဖမ်းဆီးခံရမှု ဖြစ်စဉ်များ ဆယ်နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ဟု စောင့်ကြည့်အဖွဲ့ ပြော

ဇန်နဝါရီ ၁၀ ။             ။ ၂၀၁၆ ခုနှစ်တွင် ပင်လယ်ရေကြောင်း ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်မှု ဖြစ်စဉ်အရေအတွက်မှာ ဆယ်နှစ်တာအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ဖိလစ်ပိုင်တောင်ပိုင်း အပြင်ဘက် ရေပြင်မှာ အန္တရာယ်အများဆုံးနေရာအဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံတကာ ပင်လယ်ရေကြောင်းဗျူရိုက ထုတ်ပြန်သည်။

ယခင်နှစ်များအတွင်းက ပင်လယ်ဓါးမြတိုက်ခိုက်မှု ဖြစ်စဉ်များ ကျဆင်းထားခဲ့သော်လည်း ယမန်နှစ်က ကမ္ဘာတစ်ဝန်း လူပေါင်း ၆၂ ဦး ပြန်ပေးဆွဲခေါ်ဆောင်ခံရပြီး ယင်းအရေအတွက်မှာ ၂၀၁၅ ခုနှစ်က ၁၉ ဦး၊ ၂၀၁၄ ခုနှစ်က ကိုးဦးတို့ထက် ပိုမိုများပြားနေခဲ့ခြင်းဖြစ်သည်။

" ပင်လယ်ရေကြောင်းသွားလာကြရတဲ့ ကုန်တင်ရေယာဉ်တွေကို ပြန်ပေးဆွဲမှုဖြစ်စဉ်ဟာ Sulu ပင်လယ်မှာ ဖြစ်ထားခဲ့သလို အဲဒီပြန်ပေးဆွဲခံရသူတွေကို ဖိလစ်ပိုင်တောင်ပိုင်းဆီ လွှဲပြောင်းပေးအပ်မှု   ဖြစ်စဉ်တွေကို ကြည့်ရင် ဒီပင်လယ်ရေကြောင်းတိုက်ခိုက်မှုပိုင်းမှာ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်" ဟု IMB က ထုတ်ပြန်သည်။

ယခုအခါ အန္တရာယ်အများဆုံးနေရာအဖြစ်သို့ ရောက်ရှိလာနေပြီဆိုသော ဖိလစ်ပိုင် တောင်ပိုင်းရေပြင်တွင်လည်း အဘူဆေရက်ဖ် သူပုန်အုပ်စုမှာ ပြီးခဲ့သည့်နှစ်များအတွင်းက သင်္ဘောများကို ခြံုခို တိုက်ခိုက်ခြင်း၊ သင်္ဘောသားများကို ပြန်ပေးဆွဲခေါ်ဆောင်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။

ယင်း အဘူဆေရက်ဖ်အဖွဲ့မှာ ဖိလစ်ပိုင်တောင်ပိုင်း ဝေးလံခေါင်းပါးပြီး တောင်ထူထပ်ရာကျွန်းများတွင် အခြေပြုကာ ၎င်းတို့ခေါင်းဆောင်များသည် အိုင်အက်စ်အုပ်စုထံ သစ္စာခံသူများဖြစ်သည်ဟုလည်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၀ ရက်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောကြားချက်များအရလည်း နိုင်ငံတောင်ပိုင်း အန္တရာယ်ရှိ ပင်လယ်ပြင်တွင် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် ငါးဖမ်းသမား ရှစ်ဦး သေဆုံးသွားခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly