သတင်းမှားများကြောင့် မောင်တောဒေသတွင် ကျန်းမာရေးကုသမှုဆောင်ရွက်ရန် အခက်ခဲရှိလာ

သတင်းမှားများကြောင့် မောင်တောဒေသတွင် ကျန်းမာရေးကုသမှုဆောင်ရွက်ရန် အခက်ခဲရှိလာ

စစ်တွေ၊ ဇန်နဝါရီ ၁၀ ရက် ။            ။ မောင်တောဒေသအတွင်း အစိုးရ၏ ကျန်းမာရေး ကုသစောင့်ရှောက်မှုများအပေါ် သတင်းမှားများ ထုတ်လွှင့်မှု ရှိနေသဖြင့် ကွင်းဆင်းဆောင် ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအနေနှင့် အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

“ ကလေးငယ်တစ်ယောက် ကာကွယ်ဆေးထိုးပြီး သေသွားတယ်လို့ သတင်းမှားတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေက တကယ်ထင်ပြီးတော့ ရွာတွေကို ကာကွယ်ဆေးထိုးမယ်လို့ ဆိုရင် ကလေးငယ်ကိုခေါ်ပြီး မိဘတွေက မလာကြတော့ပါဘူး။ သတင်းကို ကျွန်တော်တို့ စုံစမ်းခဲ့တဲ့အခါမှာလည်း သတင်းအမှားပါ။ မူဆလင်ကျေးရွာ တော်တော် များများမှာ ဒါကိုတွေ့နေရတာပါ” ဟု မောင်တောမြို့နယ် ကျန်းမာရေးမှူး ဦးမောင်သာအေးက ပြောသည်။

အဆိုပါ သတင်းမှားသည် ဒီဇင်ဘာ ၂၂ ရက်နေ့က ထွက်ပေါ် လာခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့နယ်၊ တမန်းသား ကျန်းမာရေးဌာနလက်အောက်ရှိ မင်းခမောင်းကျန်းမာရေးဌာနခွဲ၏ ကာကွယ်ဆေးထိုးပေးခြင်းတွင် သေဆုံးမှုရှိခဲ့ကြောင်း ပြည်ပသတင်းမီဒီယာတချို့မှ စွပ်စွဲရေးသားခဲ့သော်လည်း သေဆုံးသူ ကလေးငယ်မှာ ကာကွယ်ဆေးထိုးပေးပြီး စာရင်းတွင် မပါရှိဟု မောင်တောမြို့နယ် ကျန်းမာရေးဌာနမှ တုံ့ပြန်ပြောကြားခဲ့သည်။

သတင်းမှားများအပေါ် ဖြေရှင်းနိုင်ရန်အတွက် မောင်တောဒေသရှိ ဘာသာရေးခေါင်းဆောင်များ အပါအဝင် ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချူပ်ရေးမှူးများကို ဖိတ်ကြားလျက် တွေ့ဆုံရှင်းလင်းပွဲ တစ်ရပ်ကို မောင်တောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးရုံးအစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် မူဆလင်များ နေထိုင်ရာ ကျေးရွာများမှ ဆေးဝါးကုသစောင့်ရှောက်မှုကို ခံယူရန် ရှောင်ဖယ်မှုများ ရှိနေသဖြင့် ကွင်းဆင်းဆောင်ရွက်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများမှာ အခက်အခဲနှင့် ကြုံတွေ့နေရပြီး ဆေးထိုးကုသပေးရေး အစီအစဉ်များမှာ နှောင့်နှေးနေရကြောင်း မောင်တောမြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly