အများပိုင်စနစ်သစ် ပြောင်းရာတွင် ယခင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်မည်ဟုဆို

အများပိုင်စနစ်သစ် ပြောင်းရာတွင် ယခင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်မည်ဟုဆို
ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီလ ၉ ။              ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မကြာမီ အများပိုင်သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြင့် စတင်ပြေးဆွဲရာတွင် စည်းကမ်းဖောက်ဖျက်သူများကို ယခင်ရှိပြီးသား ခုနှစ်အလိုက် ထုတ်ပြန်ထားသည့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ဥပဒေများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး   ဒေါ်နီလာကျော်က ပြောသည်။

ထိုသို့အရေးယူဆောင်ရွက်ရာတွင် ဥပဒေများကို အသစ်ပြန်လည် မရေးဆွဲဘဲ ယခင်ရေးဆွဲထားသည့် ခုနှစ်အလိုက် ထုတ်ပြန်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ၊ ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ရှင်းပြသည်။

" ပြီးခဲ့တဲ့ ကာလကတော့ မ.ထ.သ မှာလည်း သူတို့ရဲ့ သြဇာသက်ရောက်နိုင်မှုက အားနည်းခဲ့တော့ အဲ့ဒီမှာ သိပ်ပြီးမထိရောက်ခဲ့တာ။ ဒါပေမယ့်လည်း မ.ထ.သက ယာဉ်စည်းကမ်းကြီးကြပ်ရေးတင် မကပါဘူး။ ကျွန်မတို့ ယာဉ်ထိမ်းရဲအဖွဲ့ရော၊ မြန်မာနိုင်ငံရဲအဖွဲ့ရော အားလုံးပူးပေါင်းပြီးတော့ ဒီစည်းကမ်းကို ထိန်းသိမ်းခဲ့တာပါ။ ကျွန်မတို့အနေနဲ့ အများပိုင်စနစ်ပြောင်းသွားတဲ့အချိန်မှာလည်း ယာဉ်စည်းကမ်းတွေ၊ လမ်းစည်းကမ်းတွေ အားလုံးကို ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင်လို့ ကျွန်မတို့အနေနဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဒေါ်နီလာကျော်က ဆိုသည်။

ထိ့ုပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် သီးခြားထုတ်ပြန်ထားသော ဥပဒေများ၊ ယာဉ်အားလုံးနှင့် သက်ဆိုင်သောဥပဒေများဖြင့်လည်း ထိထိရောက်ရောက်   ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက် ညနေ ၆ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ အများပိုင်သယ်ယူ ပို့ဆောင်ရေးစနစ်သစ်ဖြင့် စတင်ပြေးဆွဲမည့်အကြောင်းကို သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်ကို ၂ဝ၁၆ ခုနှစ် မေလမှစတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံးအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယာဉ်လိုင်းပေါင်း ၅၈ လိုင်းဖြင့် စတင် ပြေးဆွဲတော့ မည်ဖြစ်ကြောင်း သိရသည်။

ယခုစတင်ပြေးဆွဲမည့် ပထမ ၃ လမှာ စနစ်ကိုသာ ပြောင်းလဲခြင်းဖြစ်ပြီး ဒုတိယ ၃ လပတ်တွင် ယာဉ် ဟောင်း နေရာများတွင် ယာဉ်အသစ်များအစားထိုးနိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်း၊ အဆိုပါ အဆင့်မြှင့်တင်လိုက်သောယာဉ်များတွင် CCTV ကင်မရာများ တပ်ဆင်ထားမည်ဖြစ်ပြီး ခါးပိုက်နှိုက်မှုများ၊ ကာမအိန္ဒြေ နှောက်ယှက်မှု များနှင့် နိုင်ထက်စီးနင်းမှုများကို ရဲတပ်ဖွဲ့များဖြင့် ချက်ချင်း ချိတ်ဆက် အရေးယူဆောင်ရွက်နိုင်ရန် ထိန်းချုပ် ကွပ်ကဲ ရေးစင်တာမှ တိုက်ရိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly