ကမ္ဘာမီးလောင် သားကောင်ချနင်းနေကြရပြီလော

ကမ္ဘာမီးလောင် သားကောင်ချနင်းနေကြရပြီလော

မနေ့တုန်းက နေ့စဉ်ထုတ်သတင်းစာတစ်စောင်တွင် ရန်ကုန်ဆေးရုံကြီးသို့ စွန့်ပစ်လူနာ ရောက်ရှိလာမှု အခြေအနေ သတင်းတစ်ခုကို ဖတ်ကြရသည်။ ရန်ကုန်ဆေးရုံကြီးသို့ စွန့်ပစ်လူနာရောက်ရှိမှု အခြေအနေမှာ ၂၀၁၅ ခုထက် ၂၀၁၆ ခုနှစ်တွင် နှစ်ဆခန့်ပိုမိုများလာခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်က ၂၉ ဦးခန့်ရှိခဲ့ရာက ၂၀၁၆ ခုနှစ်တွင်မူ စွန့်ပစ်လူနာ ၅၉ ဦးအထိ အရေအတွက် မြင့်တက်လာခဲ့ကြောင်း ဖတ်ရှုကြရပါသည်။  

သည်သတင်းနှင့်ဆက်စပ်လျက် သေချာသည့်အချက်တစ်ချက်မှာ ယခုလိုစွန့်ပစ်လူနာကဲ့သို့ပင် စွန့်ပစ် လူသေအလောင်းများ၊ စွန်ပစ် မွေးကင်းစကလေးများသည်လည်း ရှိနေခဲ့မည်ဆိုသည့် အချက်ပင်ဖြစ်သည်။ သက်ကြီးရွယ်အိုတချို့ကို သူ့မိသားစုဝင်များက ဆက်လက်မပြုစုနိုင်၊ မကျွေးမွေးနိုင်ကြသည့်အခါ လူသွားလူလာနှင့်နီးသည့်နေရာများတွင် လာရောက် စွန့်ပစ်သွားကြသည့် သတင်းများမှာလည်း အမြဲလိုလို ကြားနေကြရပြီဖြစ်သည်။ အထွေထွေချွတ်ခြံုကျမှုကို မိမိတို့ပြည်သူတချို့ ဆက်လက် ခံစားနိုင်စွမ်းမရှိကြတော့သည့် သဘော ယူဆရပါမည်။ ကမ္ဘာမီးလောင်တော့ မိမိတို့၏ မိသားစုဝင်များကိုပင် ချနင်းပြီး ဆက်လက်လျှောက်လှမ်းနိုင်ဖို့  ကြိုးစားကြရသည့်သဘော ဖြစ်လာနေပါသည်။

သည်လို ပိုင်ရှင်မဲ့ စွန့်ပစ်လူသားများပြဿနာသည် လူ့အဖွဲ့အစည်းတစ်ခု၏ လူမှုအနာအဆာများအဖြစ် တင်စားပြောဆိုလို့ ရမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု၏ အတွင်းလှိုက်စားနေသော အနာအဆာတစ်ခုအဖြစ်လည်း ရှုမြင်လို့ရနိုင်ပါသည်။

လူ့အဖွဲ့အစည်းတစ်ခုရဲ့ အနာအဆာများထဲ၌ မူးယစ်ဆေးဝါး၏ ကျေးကျွန်များ၊ HIV ရောဂါပိုးစွဲနေသော လိင်လုပ်သားများ၊  လမ်းဘေးရောက် လေလွင့်ပျက်စီးနေကြသူများ၊ အိုးအိမ်မဲ့   ခြေသလုံးအိမ်တိုင်   နေထိုင်ကြသူများ အစရှိသော လူပုဂ္ဂိုလ်များသည်လည်း အကျွမ်းဝင်ပါသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်ကဆိုလျင် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ဒေါက်တာစင်သီယာမောင်ဆေးခန်းတွင် HIV ရောဂါပိုးစွဲကပ်နေသော မြန်မာအမျိုးသမီးဦးရေ ၂၀၀ ခန့် စာရင်းပေး ဆေးကုဆေးစားလျက်ရှိနေကြောင်း သိခဲ့ရပါသည်။ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးငယ်များ လိင်လုပ်သားအဖြစ် ဘဝရပ်တည်ကြရင်းက၊ စက်ရုံအလုပ်ရုံများတွင် ၀င်ရောက်အလုပ်လုပ်ကိုင်ကြရင်းက HIV ရောဂါပိုးစွဲကြရသူများ ဖြစ်သည်။ ဤစာရင်းမှာ ဆေးကုသရန် အတိအလင်းစာရင်းလာရောက်ပေးသည့်အတွက် သိရှိရသည့် အရေအတွက်သာဖြစ်ပြီး အကြောင်းအမျိုးမျိုးနှင့် ဆေးရုံသို့ ရောက်မလာသည့် လူနာများလည်း မလွဲမသွေ ရှိနေနိုင်သည်ကိုလည်း မည်သူမျှ ငြင်းနိုင်မည် မဟုတ်ချေ။ ဤသည်မှာ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းအတွင်းက လူမှုအနာအဆာအခြေအနေ တစ်စိတ်တစ်ဒေသသာဖြစ်သည်။ ပြည်တွင်းလူမှုအနာအဆာများရဲ့ အခြေအနေသည်မူ ပြည်ပရောက် မြန်မာလူမှုအသိုင်းအဝိုင်းအတွင်းက လူမှုအနာအဆာများထက် အရေအတွက်အားဖြင့် ပိုမိုများပြားနေလိမ့်မည်ဆိုသည်မှာလည်း မည်သူမျှ ငြင်းနိုင်လိမ့်မည်မဟုတ်ချေ။

ယခုအခါ ယင်းလူမှုအနာအဆာများကို မြန်မာပြည်တနံတလျား စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေကြရပြီဖြစ်သည်။ ယခင်က လူတွေနှင့်ဝေးရာ ချောင်ကြိုချောင်ခြားတွင်သာ မြင်ရတွေ့ရနိုင်သည့် အိမ်ခြေရာမဲ့သူများမှာ လူမြင်ကွင်း လူစည်ကားရာနေရာတိုင်းသို့ ရောက်ရှိလာနေကြပြီဖြစ်သည်။ စျေး၊ ကားဆိပ်၊ ရထားဘူတာရုံနှင့် ဘုရားပွဲစျေးခင်းလို လူစည်ကားရာနေရာများအနီးတွင်ပင် နေရာအနှံ့တွေ့နေကြရပြီဖြစ်သည်။

ယင်း လူမှုအနာအဆာများသည် သည်အတိုင်း သူ့သဘာဝအလျောက် ရှိနေကြမည်မဟုတ်ဘဲ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်းကို အသေအချာ ထိခိုက်စေတော့မည့် အနာအဆာများဖြစ်သည်။ သက်ဆိုင်ရာပတ်ဝန်းကျင်ကို နှောက်ယှက်ခြင်း၊ ကူးစက်ခြင်းနှင့် တိုက်ခိုက်လုယက်ခြင်းများ မလွဲမသွေ ပြုလုပ်လာကြတော့မည်ဖြစ်သည်။ ယင်း လူမှုအနာအဆာများသည် သည်အတိုင်း အချိန်မီ အရေးယူဖြေရှင်းခြင်းမပြုပါက သက်ဆိုင်ရာ လူ့အဖွဲ့အစည်းသည် တည်ငြိမ်အေးချမ်းမှု မရှိသည့် လူ့အဖွဲ့အစည်းအဖြစ်သို့ အနှေးနှင့်အမြန် ရောက်ရှိသွားတော့မည်မှာ သေချာသည်။

ယင်း လူမှုအနာအဆာများသည် မည်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာရသနည်း။ မည်သည့်နည်းဖြင့် ကူးစက်ပြန့်ပွားလာရသနည်း။ မည်သို့သော နောက်ခံအကြောင်းတရားများ ရှိနေသနည်း။ ယင်းလူမှုအနာအဆာများ ဖြစ်ပေါ်တိုးပွားလာရခြင်း၏ လက်သည်တရားခံမှာ မည်သူနည်း။ ယင်းလူမှုအနာအဆာများ လျှော့နည်းပပျောက်သွားအောင် အခြေခံကျကျ မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း။

မိမိတို့တိုင်းပြည်သည် နှစ် ၆၀ ကျော် စစ်အာဏာရှင်စနစ်၏ ဆိုးမွေများကို ခါးစည်းလျက် ခံစားနေရသည့်အခြေအနေများထဲ၌ ယင်း လူမှုအနာအဆာများသည်လည်း မသေးငယ်လှသည့် ဆိုးမွေပြဿနာတစ်ခုပင်ဖြစ်သည်။

ယင်းပြဿနာမှာ ချောင်းဆိုးရင်ကြပ်ရောဂါတစ်ခုလို ဒီကနေ့ဆေးသောက် နောက်တစ်နေ့ ရောဂါပျောက်ဆိုသည့် ရောဂါမျိုးလိုမဟုတ်သည့် လူမှုရောဂါဆိုးကြီးတစ်ခုဖြစ်သည့်အတွက် တိုင်းပြည်တာဝန်ရှိသူများနှင့် မိမိတို့ပြည်သူများအနေဖြင့် အခြေခံကျကျ မှန်ကန်သည့် အရေးယူဆောင်ရွက်မှုဖြင့်သာ အောင်မြင်စွာ ကုသဖယ်ရှားနိုင်မှာဖြစ်သည့်အတွက် ၀ို်င်းကြဝန်းကြ အဖြေရှာကြဖို့ အထူးလိုအပ်ကြောင်း မဇ္စျိမက အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။

Mizzima Weekly