ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်လာသော အီရန်သင်္ဘောများကို အမေရိကန်ရေတပ်က သတိပေးပစ်ခတ်

ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်လာသော အီရန်သင်္ဘောများကို အမေရိကန်ရေတပ်က သတိပေးပစ်ခတ်

ဇန်နဝါရီ ၁၀ ။             ။ ယခုသီတင်းပတ်ကုန်တွင်းက ဟော်မုဇ် ရေလက်ကြားသို့ အရှိန်မြှင့်ချဉ်းကပ်လာခဲ့သော အီရန်သင်္ဘောလေးစီးကို အမေရိကန်စစ်သင်္ဘောတစ်စီးက သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။

ဇန်နဝါရီ ၈ ရက်က အမေရိကန်ဖျက်သင်္ဘော USS Mahan က ယခုကဲ့သို့ ပစ်ခတ်သတိပေးမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အီရန်သင်္ဘောများ၏ အပြုအမှုမှာ အန္တရာယ်များသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး သင့်လျော်မှုမရှိလှကြောင်း အမေရိကန်တာဝန်ရှိသူများက ပြစ်တင်သွားသည်။

ထိုကဲ့သို့ ရေလက်ကြားတွင် မြန်နှုန်းမြင့်ချဉ်းကပ်လာနေသော အီရန်သင်္ဘောများပေါ်မှ သင်္ဘောသားများမှာ အမေရိကန်သင်္ဘောအနီးချဉ်းကပ်လာချိန်တွင် လက်နက်များအနီး အသင့်အနေအထား ရှိနေကြသည်ဟုလည်း သိရသည်။

" Mahan ဘက်က သူတို့ကို ရေဒီယိုကနေ ဆက်သွယ်ခဲ့ပြီး သတိပေးဖို့ လုပ်ခဲ့ပါတယ်" ဟု အမေရိကန်စစ်ဘက်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် သတိပေး မီးကျည်များ ပစ်ဖောက်ခြင်း၊ အချက်ပေးဥသြများ ဆွဲခြင်းတို့ဖြင့် သတိပေးခဲ့သည်ဟုလည်း သိရသည်။

ယင်းနောက် ယင်းသတိပေးချက်များကို မလိုက်နာဘဲ အီရန်သင်္ဘောများမှာ အမေရိကန်စစ်သင်္ဘောဆီ တိုက်ရိုက်ဆက်လက်ချဉ်းကပ်လာနေခြင်းကြောင့် သတိပေးပစ်ခတ်မှု သုံးကြိမ်ပြုလုပ်ခဲ့ရပြီး   နောက်မှ  ယင်းသင်္ဘောများ ပြန်လည်အရှိန်သတ်သွားခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags