ပင်တဂွန်က အသေးစား ဒရုန်းတပ်ရင်းအား စမ်းသပ်အောင်မြင်

ပင်တဂွန်က အသေးစား ဒရုန်းတပ်ရင်းအား စမ်းသပ်အောင်မြင်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ ။            ။ ပင်တဂွန်က ၂၁ ရာစုအသွင်သစ်ဖြင့် ရန်သူပြိုင်ဖက်များအား ကျိုင်းကောင်နှံကောင်အုပ် ဝင်တိုက်သကဲ့သို့ အသေးစားဒရုန်းတပ်ရင်းဖြင့် တိုက်ပွဲဆင်နိုင်မှုကို မကြာခင် လုပ်ဆောင်လာနိုင်တော့မည့် အနေအထားတွင် ရှိနေသည်။

အသေးစားဒရုန်း ၁၀၃ ခုဖြင့် ဖွဲ့စည်းသော တပ်ရင်းတပ်ဖွဲ့ကို ပင်တဂွန်က အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်၌ တာဝန်ရှိသူများက ကြေညာလာခြင်းဖြစ်သည်။

ယခုစမ်းသပ်အောင်မြင်မှုသည် လူလုပ်အသိဉာဏ်နည်းပညာပိုင်းတိုးတက်မှုဖြင့် အလိုအလျောက်လက်နက်ယန္တရားစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် ခြေတစ်လှမ်းလည်း ဖြစ်သည်။

လူ၏ ညွန်ကြားမှုအောက်တွင် တစ်သွေမတိမ်း လိုက်နာလုပ်ဆောင်နိုင်သည့် အသေးစားစက်ရုပ်အုပ်စု ဖွဲ့စည်းနိုင်မှုအတွက် အခရာကျသည့် အောင်မြင်မှုလည်းဖြစ်သည်။

ယခု ဒရုန်းတပ်ရင်းအုပ်စုသည် ကုန်ကျစရိတ်အရာတွင် သက်သာစေမည်ဖြစ်ပြီး ရန်သူ၏ ခံတပ်ကို စီးနင်းရာ၌ စွမ်းဆောင်နိုင်လိမ့်မည်ဟု စစ်ရေးမဟာဗျူဟာပညာရှင်များက များစွာ မျှော်လင့်ထားသည်။

စမ်းသပ်မှုအား အောက်တိုဘာလအတွင်း ကယ်လီဖိုးနီးယား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်သည်။

စမ်းသပ်ရာ၌ F/A-18 Super Hornet တိုက်လေယာဉ် သုံးစင်းမှနေ၍ Perdix အသေးစားဒရုန်း ၁၀၃ စင်းကို စေလွှတ်ပျံသန်းစေကာ စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီအသေးစား ဒရုန်းအုပ်က အုပ်လိုက်လှုပ်ရှားတတ်မှုကို လုပ်ဆောင််နိုင်ခဲ့တယ်။ တွက်ချက်ဆုံးဖြတ်တာ၊ ညီညွတ်တဲ့ ပျံသန်းတာတွေကို လုပ်ဆောင်နိုင်ခဲ့တယ်။”ဟု ထုတ်ပြန်ချက်က ဆိုသည်။

“Perdix ဒရုန်းတွေဟာ တစ်သီးတစ်ခြား စွမ်းဆောင်တဲ့ ဒရုန်းတွေ မဟုတ်ဘူး။ အုပ်လိုက်အဖွဲ့လိုက် လှုပ်ရှားစွမ်းဆောင်တယ်။ တွက်ချက်ဆုံးဖြတ်ချက်တွေကိုလည်း ဒရုန်းတစ်ခုကနေ အခြားတစ်ခုဆီ   ပေးပို့နိုင်တယ်။ သဘာဝအားဖြင့် ကျိုင်းကောင်တွေလို ပုံစံမျိုး ဖွဲ့စည်းဆောင်ရွက်နိုင်တာဖြစ်တယ်။”ဟု ပင်တဂွန်က မဟာဗျူဟာ စွမ်းဆောင်ရည်ရုံးဌာန ညွန်ကြားရေးမှူး ဝီလီယမ်ရိုပါက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags