ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ဘဝတွေ အေးချမ်းဖို့ လိုပါတယ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ဘဝတွေ အေးချမ်းဖို့ လိုပါတယ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော
ဓာတ်ပုံ-သက်ကို/မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီလ ၉ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မကြာမီစတင်ပြေးဆွဲမည့် အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်တွင် အခြေခံကျသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စိတ်အေးချမ်းစွာ မောင်းနှင်နိုင်ရန်ဖြစ်သည်ဟု  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

" ကျွန်တော်တို့ အခုလုပ်နေတဲ့ စနစ်ဟာ ယာဉ်မောင်းဖြစ်စေ၊ ယာဉ်နောက်လိုက်ဖြစ်စေ စိတ်အေးချမ်းသာစွာ မောင်းနှင်ရမှာဖြစ်ပါတယ်။ အချိန်တန်ရင် သူ့ပိုက်ဆံသူ ယူရုံပါပဲ။ သူတို့မှာ စွန့်စားစရာ မရှိတော့ပါဘူး။ အပြိုင်အဆိုင်မရှိအောင် လုပ်မှပဲဖြစ်မှာ။ ဘာကြောင့်လဲဆိုရင် သူတို့လက်ထဲမှာ ပြည်သူလူထုရဲ့ အသက်ကို အပ်ထားရမှာဖြစ်ပါတယ်။ သူတို့ ဘဝတွေကို အေးချမ်းအောင် ကျွန်တော်တို့ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ "ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် ယာဉ်လိုင်းများ စတင်ပြေးဆွဲသွားမည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၆ နာရီခွဲ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ အခုပြောင်းခဲ့တဲ့ စနစ်ဟာ တကယ်ကို အခြေခံကျတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက် လိုက်တွေကို နံပါတ်တစ် ဦးစားပေးပြင်ဆင်တာဖြစ်ပါတယ်။ သူတို့ ဘဝတွေ အေးချမ်းဖို့ လိုပါတယ်။ သူတို့ သူဌေးမဖြစ်ပါဘူး။ သူတို့ရရှိတဲ့ ပိုက်ဆံတွေနဲ့ သူတို့ မိသားစုကို ကျောင်းထားနိုင်ရုံ၊ ပုံမှန်ရပ်တည်နိုင်ရုံ၊ စားသောက်နိုင်ရုံပဲ ရှိတာပါ "ဟု ၄င်းက ဆက်၍ ပြောပြခဲ့သည်။

ယခုပြောငး်လဲပြေးဆွဲမည့် စနစ်သစ်မှာ အများပြည်သူခရီးသွားလာရာတွင် အဆင်ပြေစေရန် ဝန်ဆောင်မှုစနစ်ကိုအဓိကထားပြီး အစိုးရမှ ရှယ်ယာ ၅ဝ ရာခိုင်နှုန်းကျော် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပြေးဆွဲသွားမည်စနစ်သစ်တွင် ပထမ ၃ လတာကာလတွင် ယခင်အတိုင်း ယာဉ်နောက်လိုက်များဖြင့်သာ ယာဉ်စီးခ ကောက်ခံသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ယာဉ်အဆင့်မြှင့်တင်ခြင်း၊ ကားမှတ်တိုင်များပြုပြင်ခြင်း၊ ကားခပေးသည့် စနစ်များနှင့် လုံခြံု ရေးထိန်းချုပ်မှုစနစ်များကို တစ်ဆင့်ချင်း ပြုပြင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ် လိုင်းကားများ စီးနင်းသွားလာနေသော ခရီးသည်မှာ ခန့်မှန်းခြေ သိန်း ၂ဝ ဝန်း ကျင်ခန့်ရှိ ကြောင်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ဒေါ်နီလာကျော် ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly