(၁၅)ကြိမ်မြောက်၊ မဲခေါင်မြစ် အထက်ပိုင်း ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ လေးနိုင်ငံ ပူးတွဲညှိနှိုင်းကော်မတီ အစည်းအဝေး ပြုလုပ်

(၁၅)ကြိမ်မြောက်၊ မဲခေါင်မြစ် အထက်ပိုင်း ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ လေးနိုင်ငံ ပူးတွဲညှိနှိုင်းကော်မတီ အစည်းအဝေး ပြုလုပ်
(ဓာတ်ပုံ၊ အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေး၊ ဇန်နဝါရီ ၉  ။                    ။  မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၅)ကြိမ်မြောက်၊ မဲခေါင်မြစ် အထက်ပိုင်း ကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာ လေးနိုင်ငံ ပူးတွဲညှိနှိုင်းကော်မတီ(Joint Committee on Coordination of Commercial Navigation-JCCN )အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ Mandalay Hill Resort Hotel တွင် ကျင်းပပြုလုပ်လျှက်ရှိသည်။

အဆိုပါ အစည်းအဝေးဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက "မဲခေါင်မြစ်အထက်ပိုင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေးအတွက် ဖွံ့ဖြိုးရေး စီမံချက်အား ရှေ့ပြေးလုပ်ငန်းများနှင့် အခြားပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းဖြင့်ရေလမ်းသယ်ယူပို့ဆောင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဤအစည်းအဝေးမှ ရလာဒ်ကောင်းအဖြစ် မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်းသွားလာမှုကို တိုးတက်ကောင်းမွန်စေပြီး မဲခေါင်မြစ်အထက်ပိုင်းတလျှောက် ရေယာဉ်များအား ထိရောက်၊ညီမျှစွာ အသုံးပြုရေးနှင့်ရေကြောင်းပို့ဆောင်ရေး အထောက်အကူပြု အခြေခံအဆောက်အဦများ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် “ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရေးသည် အဓိကအရေးပါသဖြင့် မဲခေါင်မြစ်အထက်ပိုင်း ရေကြောင်းအသုံးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ဟန်ချက်ညီစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်"ဟု ၀န်ကြီးက ပြောကြားသည်။

အဆိုပါအစည်းအဝေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်၊   မြန်မာနိုင်ငံမှ JCCCN အဖွဲ့ခေါင်းဆောင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Mr.Zhou Youbin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ Mr.Houngla Sengmuang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ထိုင်းနိုင်ငံမှ Mr.Somchai Sumanaskajonkul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးလျှက်ရှိသည်။

ထိုအစည်းအဝေးပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်းသွားလာရေးအတွက် လေးနိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ၂၀၀၀ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် တာချီလိတ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၁ ခုနှစ်တွင် မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်းသွားလာရေးဆိုင်ရာ လေးနိုင်ငံ ပူးတွဲညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ လေးနိုင်ငံပူးတွဲညှိနှိုင်းကော်မတီအစည်းအဝေးပွဲများကို နိုင်ငံများ၏ အက္ခရာအစဉ်အရ ၂ နှစ်စီ အလှည့်ကျတာဝန်ယူ ကျင်းပပြုလုပ် လျှက်ရှိရာ (၁၄)ကြိမ်မြောက် မဲခေါင်မြစ်အထက်ပိုင်း ကုန်သွယ်ရေကြောင်း သွားလာရေးဆိုင်ရာ လေးနိုင်ငံပူးတွဲညှိနှိုင်းကော်မတီအစည်းအဝေးပွဲကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly