ရွေးကောက်ပွဲတွင် ရုရှက ဟက်ကာတိုက်ခိုက်သည်ဆိုခြင်းအား ဒေါ်နယ်ထရမ့် လက်ခံပြီး ပြန်လည် တုံ့ပြန်ဖြစ်ဖွယ်ရှိ

ရွေးကောက်ပွဲတွင် ရုရှက ဟက်ကာတိုက်ခိုက်သည်ဆိုခြင်းအား ဒေါ်နယ်ထရမ့် လက်ခံပြီး ပြန်လည် တုံ့ပြန်ဖြစ်ဖွယ်ရှိ

နယူးယောက်၊ ဇန်နဝါရီ ၉ ။            ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလအတွင်း ရုရှနိုင်ငံက ဆိုင်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဆိုသော   ထောက်လှမ်းရေး အသိုက်အဝန်းက    ကောက်ချက်ချမှုကို  ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က လက်ခံပြီး တု့ံပြန်မှု ပြုလုပ်သွားဖွယ်ရှိကြောင်း ၎င်း၏ လက်ထောက်ဖြစ်သူက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

ဒီမိုကရက်တစ်ပါတီအဖွဲ့အစည်းများကို ဟက်ကာထိုးဖောက်သည့် နောက်ကွယ်တွင် ရုရှရှိသည်ဟု ဒေါ်နယ်ထရမ့်က ယုံကြည်ပြီဖြစ်ကြောင်း ရိန့်စ်ပရီးဘတ်စ်က ပြောသော်လည်း အဆိုပါ ဟက်ကာ တိုက်ခိုက်မှုများက ရုရှသမ္မတဗလာဒီမာပူတင်နှင့် တိုက်ရိုက်ပတ်သက်သည်ဆိုခြင်းအား ဒေါ်နယ်ထရမ့်က လက်ခံလား လက်မခံလားဆိုသည်ကိုမူ ၎င်းက ရှင်းရှင်းလင်းလင်း ပြောသွားခြင်း မရှိပေ။

ယခုကဲ့သို့ ရိန့်စ်ပရီးဘတ်စ်က ရုရှဟက်ကာတိုက်ခိုက်ခြင်းကို ဒေါ်နယ်ထရမ့်က လက်ခံယုံကြည်သည်ဟု ပြောခြင်းမှာ ရီပတ်ဘရီကန်ရွေးကောက်ခံသမ္မတအဖွဲ့ဝင် အကြီးတန်းအရာရှိတစ်ဦးအနေဖြင့် ပထမဆုံးဖြစ်သည်။

၂၀၁၆ သမ္မတရွေးကောက်ပွဲကာလအတွင်း ဒီမိုကရက်တစ်ပါတီမှ အီးမေးလ်များ ဖွင့်ချခံရခြင်းတွင် ရုရှပါဝင်ပတ်သက်သည်ဆိုသော   ထောက်လှမ်းရေးအဖွဲ့အစည်းများ၏   ကောက်ချက်ချမှုကို   ဒေါ်နယ်ထရမ့်အနေဖြင့် လက်ခံလာခြင်းဖြစ်သည်။

အစောပိုင်းကမူ ဟက်ကာတိုက်ခိုက်မှုများတွင် ရုရှပါဝင်ပြီး ရွေးကောက်ပွဲအနိုင်ရအောင် ကူညီခဲ့သည်ဆိုသော စွပ်စွဲပြောဆိုမှုများအား ထရမ့်က ခါးခါးသီးသီးငြင်းပယ်နေခဲ့ပြီး တရုတ်က   သော်လည်းကောင်း၊ ဒါမှမဟုတ် ၎င်း၏ အိပ်ရာထက်က ပေါင် ၄၀၀ ရှိ ဟက်ကာသမားတစ်ဦးကသော်လည်းကောင်း ဟက်ကာလုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ချေပပြောဆိုထားခဲ့ခြင်း ဖြစ်သည်။

ထရမ့်အနေဖြင့် ဇန်နဝါရီ ၂၀ ရက် သမ္မတကျမ်းသစ္စာဆိုရန် သီတင်းနှစ်ပတ်မျှတာ လိုတော့ချိန် ရုရှ၏ ဟက်ကာတိုက်ခိုက်မှုအား လက်ခံရန် ရီပတ်ဘရီကန်ပါတီဝင်များ၏ ဖိအားပေးခြင်းများကို ပိုမိုတိုးမြင့် ရင်ဆိုင်လာရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly