ပလိုင်းမောက်နှင့် သရေကျသည့်အတွက် ဝေဖန်မှုများကို ကလော့ပ်ခံယူ

ပလိုင်းမောက်နှင့် သရေကျသည့်အတွက် ဝေဖန်မှုများကို ကလော့ပ်ခံယူ

ဇန်နဝါရီ ၉၊ လီဗာပူးလ်။             ။ အန်ဖီးလ်တွင် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်ကစားရသည့် ပလိုင်းမောက်နှင့်ပွဲ၌ လူငယ်ကစားသမား ငါးဦးကို ပွဲထွက်အသုံးပြုခဲ့ပြီး ဂိုးမရှိ သရေကျခဲ့သဖြင့် ပြင်းထန်သည့်ဝေဖန်မှုများကို လီဗာပူးလ်နည်းပြ ကလော့ပ်က ခံယူခဲ့သည်။

လီဗာပူးလ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲထွက်အသင်းမှာ လိဂ်-၂ ကလပ်နှင့် ရင်ဆိုင်ရသည့်ပွဲတွင် ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ လာမည့်တစ်ပတ် ဗုဒ္ဓဟူးတွင် ဟုမ်းပါ့ခ်၌ မလိုလားအပ်သည့်   နောက်တစ်ပွဲထပ် ကစားရတော့မည်ဖြစ်သည်။

“ဒီပွဲထွက်လူစာရင်းက မှားယွင်းတယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမဲ့ မှားတယ်လို့ ခင်ဗျားတို့ ယူဆချင်တယ်ဆိုရင်တော့ ယူဆနိုင်ပါတယ်။

ပွဲချိန်အတွင်းမှာ ကျွန်တော်တို့ အမှားတွေလုပ်ခဲ့ပြီး ဒါကလည်း ကလေးတွေနဲ့ ကစားတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပုံစံပါ။ သူတို့ ခြေစွမ်းပြနိုင်ရင်တော့ သူတို့အတွက်ပါပဲ။ အမှားတွေအတွက်ကတော့ ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်။

ကျွန်တော်က နိုင်ပွဲရဖို့အတွက်ပဲ လူစာရင်းကိုအမြဲရွေးပါတယ်။ အသက်အရွယ်ကို မစဉ်းစားပါဘူး။ ဒီကောင်လေးတွေနဲ့ ထိုက်တန်လို့ ဒီလူစာရင်းကိုထုတ်တာပါ”ဟု ကလော့ပ်က ပြောသည်။

ပလိုင်းမောက်သည် ပွဲချိန်တစ်လျှောက်လုံး ခံစစ်ဖြင့်သာ ကစားခဲ့ရသော်လည်း ပျမ်းမျှအသက် ၂၁ နှစ်ကျော်သာရှိသည့် ပရီးမီးယားလိဂ်ပြိုင်ဘက်ကို အခက်တွေ့အောင် ရင်ဆိုင်နိုင်ခဲ့သည်။

ပလိုင်းမောက်အနေဖြင့် ဒွန်ကက်စတာပြီးနောက် ၁၉၇၄ နောက်ပိုင်း အန်ဖီးလ်ကွင်းတွင်ကစားသည့် အက်ဖ်အေဖလားတွင် သရေရလဒ်ရယူနိုင်သည့် ပထမဆုံး စတုတ္ထတန်းအသင်းလည်း   ဖြစ်လာခဲ့သည်။

လီဗာပူးလ်အသင်းမှာ လက်ရှိတွင် အကျပ်အတည်းကာလတစ်ခုနှင့်ရင်ဆိုင်ရတော့မည့် အနေအထားအဖြစ် ရက်သတ္တပတ် အနည်းငယ်အတွင်း ဆောက်သမ်တန်နှင့် လိဂ်ဖလားဆီမီးနှစ်ကျော့၊ မန်ချက်စတာယူနိုက်တက် ၊ ချယ်လ်ဆီးတို့နှင့် ပရီးမီးယားလိဂ်၊ ပလိုင်းမောက်နှင့် အက်ဖ်အေဖလားပြန်ကန်ပွဲ ကစားရတော့မည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly