ဂျေရုဆလင်တွင် ပါလက်စတိုင်းတစ်ဦးက အစ္စရေးစစ်သားများကို ထရပ်ကားဖြင့် လိုက်တိုက်၍ လူလေးဦး သေဆုံး

ဂျေရုဆလင်တွင် ပါလက်စတိုင်းတစ်ဦးက အစ္စရေးစစ်သားများကို ထရပ်ကားဖြင့် လိုက်တိုက်၍ လူလေးဦး သေဆုံး

ဂျေရုဆလင်၊ ဇန်နဝါရီ ၉ ။                  ။ ဂျေရုဆလင်တွင် ဇန်နဝါရီ ၈ ရက်က အစ္စရေးစစ်သားအုပ်စုတစ်စုကို ပါလက်စတိုင်းတစ်ဦးက ထရပ်ကားဖြင့် လိုက်တိုက်၍ လေးဦးသေဆုံးသည်။

ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အိုင်အက်စ်တို့၏ သွေးထိုးလှုံ့ဆော်မှုဖြစ်နိုင်ကြောင်း ပြောသည်။

ယခုတိုက်ခိုက်မှုသည် ဂျေရုဆလင်၌ လများစွာအတွင်း ပါလက်စတိုင်းတို့၏ အဆိုးဆုံးတိုက်ခိုက်မှုဖြစ်သည်။ ထရပ်ကားဖြင့် တိုက်ခိုက်သူက ဂျေရုဆလင်မြို့ဟောင်းသို့ လေ့လာရေးထွက်လာသည့် အစ္စရေးစစ်သားများ ကားပေါ်က အဆင်းတွင် ထရပ်ကားဖြင့် ဝင်တိုက်ခြင်းဖြစ်သည်။

အမျိုးသမီးအရာရှိသူတစ်ဦးနှင့် စစ်ဗိုလ်လောင်း သုံးဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ သေဆုံးသူများတွင် သုံးဦးက အမျိုးသမီးများဖြစ်ကြောင်း ရဲဌာနက ဆိုသည်။

ထရပ်ကားဖြင့် တိုက်ခိုက်သူသည် အစ္စရေးသိမ်းပိုက်မြေအရှေ့ဂျေရုဆလင်မှ ပါလက်စတိုင်းတစ်ဦးဖြစ်ပြီး ၎င်းကို ပစ်သတ် သုတ်သင်ခဲ့ရကြောင်း ရဲက အတည်ပြုသည်။ ၎င်းသည် အသက် ၂၈ နှစ်အရွယ် အမတ်ဟမ်ဒန်ဖြစ်ကြောင်း၊ ကလေးလေးဦး၏ ဖခင်ဖြစ်ကြောင်း တိုက်ခိုက်သူ၏ ဦးလေးတော်သူက ပြောသည်။

တိုက်ခိုက်သူ၏ မိသားစုမှ ငါးဦးအပါအဝင် လူကိုးဦးကို တိုက်ခိုက်ရာတွင် ကူညီပေးသည် သံသယရှိ၍ ဖမ်းဆီးထားကြောင်း ရဲဌာနပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အစ္စရေးစစ်တပ်သည် စစ်သားများအား ဂျေရုဆလင်သို့ လေ့လာရေးခရီး ပုံမှန်ပို့ဆောင်စေလွှတ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly