စစ်တွေ၊ ဇန်နဝါရီ ၈ ရက် ။ ။ ရခိုင်အမျိုးသားပါတီအမည်ခံပြီး ပါတီသစ်ဖွဲ့စည်းဖို့အတွက် တောင်ကုတ်မြို့နယ်တွင် အစည်းအဝေးပြုလုပ်ခဲ့သည့် နိုင်ငံရေးသမားများကို ကန့်ကွက်ကြောင်း ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ပါတီသစ်ဖွဲ့စည်းမည့် နိုင်ငံရေးသမားအများစုမှာ ANP က ထုတ်ပယ်ခြင်း ခံထားရသူများ ဖြစ်ပြီး၊ နှစ်ပါတီ မပူးပေါင်းမီက ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များလည်း ဖြစ်သည်။
ANP မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် အဆိုပါ နိုင်ငံရေးသမားများအနေနှင့် “ရခိုင်အမျိုးသားပါတီ (ALD)” အမည်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အပြင် ပါတီသစ်ဖွဲ့စည်းရန် စီစဉ်နေမှုသည် ပြည်နယ်အတွင်း ရခိုင်လူမျိုးများ၏ စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေနိုင်သဖြင့် ယခုလို ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးမောင်မောင်သက်က ပြောသည်။
ဆန္ဒပြကန့်ကွက်မှုကို တောင်ကုတ် ဒေသခံ ၁၀၀ ခန့် လာရောက်ခဲ့ကြပြီး “ရခိုင်တမျိုးသားလုံး ပြိုကွဲမည့်အကြံ ဒို့လက်မခံ၊ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံရေးကို ခုတုံးမလုပ်ပါနှင့်” စသည့် ကြွေးကြော်သံများဖြင့် ပါတီသစ်တည်ထောင်သူတို့ အစည်းအဝေးပြုလုပ်နေသည့် တောင်ကုတ်မြို့နယ်ခန်းမရှေ့တွင် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။