အသင်း၏ ရလဒ်ဆိုးများမှာ မိမိ၏ အမှားကြောင့်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာဝန်ခံ

အသင်း၏ ရလဒ်ဆိုးများမှာ မိမိ၏ အမှားကြောင့်ဟု မန်စီးတီးနည်းပြဂွာဒီယိုလာဝန်ခံ

ဇန်နဝါရီ ၈၊ မန်ချက်စတာ။           ။ လက်ရှိရာသီပထမအကျော့တွင် မန်ချက်စတာစီးတီးအသင်းကြံုတွေ့ခဲ့ရသော ရောထွေးသည့်ရလဒ်များမှာ မိမိ၏အမှား ကြောင့်ဖြစ်သည်ဟု နည်းပြဂွာဒီယိုလာက ဝန်ခံလိုက်သည်။

နောက်တန်းသုံးယောက်ထားသည့်ကစားကွက်နှင့် နည်းစနစ်ပိုင်းအပြောင်းအလဲများသည် မိမိ၏ပုံစံအတိုင်းဝင်အောင် ကစားနေသည့် အသင်းအတွက်ပြဿနာရှိစေခဲ့သည်ဟု ဂွာဒီယိုလာကဆိုသည်။

ပြီးခဲ့သည့်တစ်ပတ်က ဘန်လေအသင်းကိုအနိုင်ရသည့်ပွဲအပြီးတွင်လည်း ဂွာဒီယိုလာက အင်္ဂလိပ်ဘောလုံးကစားဟန်ကို ပြောင်းလဲရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် အင်္ဂလန်ကသာ ၎င်းကိုပြောင်းလဲပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

“ရာသီပထမပိုင်းမှာ ပွဲကောင်းတစ်ချို့နဲ့ ခြေစွမ်းကောင်းတဲ့ပွဲတစ်ချို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အမှားတွေလုပ်မိတဲ့အချိန်၊ အထူးသဖြင့်ခံစစ်ပိုင်းမှာပေါ့။ ဝှိုက်ဟတ်လိန်း (စပါးအိမ်ကွင်း)၊ ဆဲလ်တစ်ကွင်းတွေမှာ ကြံုခဲ့ရတာ။ ကျွန်တော်တို့ ကစားနိုင်ဖို့ ယုံကြည်မှုပျောက်ခဲ့တယ်။

အဲဒီအချိန်မှာ ကျွန်တော့်အကြံဉာဏ်တွေကလည်း မကောင်းခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က ကစားသမား တွေအကြောင်းကိုသိဖို့ကြိုးစားနေဆဲအချိန်ဖြစ်နေလို့ပါ။

ဘယ်နေရာထားကစားတာ အကောင်းဆုံးလဲ၊ ဘယ်လိုကစားရင် အကောင်းဆုံးဖြစ်မလဲ၊ သူတို့ကိုဘယ်လိုပုံသွင်းရမလဲဆိုတာ သိဖို့လုပ်နေရတုန်းအချိန်ပါ။

တစ်ခါတလေနောက်တန်းမှာ သုံးယောက်ထားကစားဖို့ စဉ်းစားမိတယ်။ တစ်ခါတရံကျတော့ အဲဒါအလုပ်မဖြစ်ဘူး။ ဒါကတော့ နည်းပြတစ်ယောက်အတွက် အမြဲဖြစ်နေကျအရာတွေပါပဲ။

ကစားသမားတွေကို ကျွန်တော်ဘယ်တော့မှ အပြစ်မတင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ကို လေ့ကျင့်ခန်းအစီအစဉ်မှာ တွေ့တဲ့အခါ သူတို့ဘယ်လိုခံစားနေရတယ်။ ဘန်လေနဲ့နောက်ဆုံးကစားတဲ့ပွဲမှာ သူတို့ဘာတွေလုပ်ခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်ရက် လောက်ကမှ အန်ဖီးလ်မှာလီဗာပူးလ်နဲ့ကစားခဲ့ရပြီး နောက်ပွဲကျတော့ ၆၅ မိနစ်၊ မိနစ် ရ၀ လောက် ၁၀ ယောက်နဲ့ ၁၁ ယောက် ကစားခဲ့ရတယ်၊ သူတို့လိုချင်စိတ်ရှိတယ် ဆိုတာတွေကို မြင်နေရလို့ပါ။

တစ်ချိန်လုံးပူလောင်မနေဘဲ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ရမယ်။ နည်းပြနဲ့ကစားသမားအကြား အပြန်အလှန်နားလည်းဖို့၊ ကစားသမားတွေပိုပြီးအချိတ်အဆက်မိမိကစားနိုင်ဖို့တွေကို လုပ်ရမယ်။ အဲဒါ ကျွန်တော့်အလုပ်ပဲ။

သူတို့ကို ကူညီရမယ်။ ပြောဆိုရမယ်။ ပြီးတော့ အချိန်အများစုက ကျွန်တော်တို့ ပုံစံကောင်းမရခဲ့ပါဘူး။ ကျွန်တော့်မှာ တာဝန်ရှိပါ တယ်”ဟု ဂွာဒီယိုလာက ဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly