ဇန်နဝါရီ ရ ။ ။ ပိုလန်နိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အအေးလှိုင်းဖြတ်သန်းမှုကြောင့် နှစ်ရက်အတွင်း ဆယ်ဦးသေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ရ ရက်တွင် ပြောသည်။
" ဒီနှစ်ဆောင်းတွင်းမှာ အအေးတအား ပိုနေခဲ့တာကြောင့် မနေ့ကပဲ ခုနစ်ယောက် သေဆုံးသွားခဲ့ပါတယ်" ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဘိုဇီနာ ၀ိုင်ဆော့ကာက ပြောသည်။
" ကျွန်မတို့ ဒီရက်ပိုင်းမတိုင်ခင် သေဆုံးသူ သုံးဦးရှိထားသေးတယ်လို့ စာရင်းရထားပါတယ်၊ ခုစာရင်းနဲ့ဆို နိုဝင်ဘာ ၁ ရက်နောက်ပိုင်း ခန္ဓာကိုယ် ကိုယ်အပူချိန်အကျလွန်လို့ သေဆုံးခဲ့ရသူဦးရေဟာ စုစုပေါင်း ၅၃ ဦးထိ ရှိသွားပါပြီ" ဟု ၎င်းက ပြောသည်။
ယင်းနိုင်ငံတွင် ရက်ပိုင်းအတွင်း အအေးလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်မှာ အေးခဲသည့်အခြေအနေအထိ ကျဆင်းနေပြီး တိုင်းထွာချက်များအရ ဒေသတစ်ချို့တွင် အနှုတ် ၁၄ ဒီဂရီ ဆဲလ်စီယပ် ( ရ ဒီဂရီ ဖာရင်ဟိုက်) ထိ ရှိနေခဲ့သည်ဟု သိရသည်။
အလားတူ ယခုကဲ့သို့ ရာသီဥတုအအေးလွန်နေသည့်အခြေအနေမှာ ယခုသီတင်းပတ်ကုန်အထိ ဆက်ရှိနေမည်ဖြစ်သဖြင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးကြောင်း ပိုလန်တာဝန်ရှိသူများက ပြောထားသည်။
အလားတူ နိုင်ငံတွင် အိမ်ခြေမဲ့များကဲ့သို့ အအေးဒဏ်ခံနိုင်စွမ်း အားနည်းရှာသူများအား ကူညီထောက်ပံ့ပေးကြရန် ရဲများက ပြည်သူများအား ပန်ကြားပြောဆိုထားကြောင်းလည်း သိရသည်။