မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ဘာကြောင့် နည်းနေသေးတာလဲ

မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ဘာကြောင့် နည်းနေသေးတာလဲ

ရန်ကုန်၊ ဇန်နဝါရီ ရ ။          ။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ မျှော်မှန်းထားသော ဦးရေထက် ၁၁ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့သည်။

ယင်းသို့ လျော့နည်းရခြင်းမှာ စျေးနှုန်းမြင့်မားမှုကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်စောင့်ရှောက်ရေးစီမံကိန်း မန်နေဂျာ ဦးသူရိန်အောင်က ပြောသည်။

ဇန်နဝါရီလ ၆ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI )ရုံး၌ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA)နှင့် Destination Management Working Group က ဦးစီးကျင်းပသည့် ဆွေးနွေးပွဲတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အချက်တစ်ချက်ကတော့ မြန်မာနိုင်ငံကို လာရတာ စျေးကြီးတယ်။ ဒီအချက်တွေကို ရှောင်နိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ အဓိက လည်ပတ်လို့ကောင်းတဲ့ နေရာဖြစ်လာမှာပါ”ဟု ရန်ကုန်မြို့ပြ အမွေအနှစ်စောင့်ရှောက်ရေးစီမံကိန်း မန်နေဂျာ ဦးသူရိန်အောင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားများကြား အသွင်သစ်များဖြင့် Brand ဖောက်နိုင်ရန် ရည်ရွယ်ချက်နှင့် အဆိုပါဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု နည်းရသည့် အကြောင်းရင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

 မြန်မာနိုင်ငံလမ်းညွှန်များအသင်း ဥက္ကဌ ဦးအောင်ထွန်းလင်းက “စျေးနှုန်း မြင့်မားတာ အပြင် ဧည့်သည်တွေကလည်း ဒီနိုင်ငံ အကြောင်းကို သေချာမသိကြသေးတာလည်းပါတယ်။ အဲ့ဒါကြောင့် ဧည့်သည်တစ်နှစ်ပတ်လုံးများအောင်ဆိုရင် ကျွန်တော်တို့ ခုနက ဆွေးနွေးခဲ့သလိုပဲ၊ လေကြောင်းလိုင်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ လမ်းညွှန်တွေ၊ ဟိုတယ်တွေ ပူးပေါင်းဆောင်ရွက်မှသာလျှင် ပိုပြီးတော့ amount တစ်ခုကို ရောက်လာမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၂ နောက်ပိုင်းက စတင်ပြီး နှစ်စဉ်တစ်သန်းဝန်းကျင် ရှိခဲ့သည်ဟု သိရသည်။ ၂၀၁၅ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၅သန်း လာရောက်ရန် မျှော်မှန်းခဲ့သော်လည်း ၄.၆၈ သန်းဝင်ရောက်ခဲ့သည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ်တွင်မူ နယ်စပ်ဂိတ်များမပါ ၆သန်း ဝင်ရောက်ရန် ခန့်မှန်းခဲ့သော်လည်း လက်ရှိတွင် မှန်းထားသည်ထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်ကမူ ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ရ သန်းထိ ဝင်ရောက်ရန် မျှော်မှန်းထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly