ခံစစ်အားဖြည့်ရန် ဘတ်စတူဘာကို အငှားဖြင့် ဂွာဒီယိုလာ ခေါ်ယူလို

ခံစစ်အားဖြည့်ရန် ဘတ်စတူဘာကို အငှားဖြင့် ဂွာဒီယိုလာ ခေါ်ယူလို

ဇန်နဝါရီ ရ၊ မန်ချက်စတာ။           ။ မန်စီးတီးနည်းပြ ဂွာဒီယိုလာသည် ခံစစ်ကိုအင်အားဖြည့်တင်းရန်အတွက် ဘိုင်ယန်မြူးနစ်မှ ဘတ်စတူဘာကို အငှားဖြင့် ခေါ်ယူချင်နေသည်။

အသက် ၂၇ နှစ်အရွယ် ဗဟိုနောက်ခံလူသည် ၂၀၁၂ တွင် ဆိုးရွားသည့်ဒူးအရွတ်ဒဏ်ရာရရှိခဲ့ဖူးသူဖြစ်ပြီး ပုံမှန်အနေအထားမျိုး ပြန်ရောက်ရန်အတွက် လက်ရှိနည်းပြ အန်ဆယ်လော့တီက အငှားဖြင့်ပြောင်းရွှေ့ခွင့်ပြုထားသည်။

မန်စီးတီးအသင်းမှာ ခံစစ်အင်အားနည်းပါးနေသည်။ ရာသီအစပိုင်းတွင် ခံစစ်အတွင်းလူ သုံးဦးရှိသော်လည်း အသင်းခေါင်းဆောင်ကွန်ပနီ ဒဏ်ရာရသွား၍ ပွဲတော်တော်များများကို ကိုလာရော့ဗ်နှင့် အော်တာမန်ဒီတို့ တွဲဖက် ကစားခဲ့ရသည်။

ဟမ်းဘတ်ကလည်း စိတ်ဝင်စားနေသော်လည်း ဘတ်စတူဘာသည် ဘိုင်ယန်မြူးနစ်ကိုသုံးနှစ်ကြာနည်းပြဖူးသည့် ဂွာဒီယိုလာနှင့် အင်္ဂလန်တွင် ပြန်လည်လက်တွဲရန်သာ ရွေးချယ်ဖွယ်ရှိနေသည်။

“တစ်ယောက်ယောက်ကိုခေါ်ဖို့ ဖြစ်နိုင်ချေကို ကျွန်တော်တို့တွက်ချက်နေပါတယ်။ ဘတ်စတူဘာကို ကျွန်တော်သိပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်ကစားသမားဖြစ်နေပါတယ်။

သူ့အသင်းနဲ့ရော သူနဲ့ရော ကျွန်တော်တို့ဆွေးနွေးရမှာပါ။ ပွဲတွေအများကြီးကစားခဲ့ရတာကြောင့် ဘယ်ကစားသမားကိုမှ ခေါ်ဖို့ မစီစဉ်နိုင်ခဲ့ဘူး။ အခုတော့ အဲဗာတန်နဲ့ပွဲမတိုင်ခင်အထိ ၁၀ ရက် အနားရထားပါတယ်”ဟု ဂွာဒီယိုလာက ပြောသည်။

ဘတ်စတူဘာသည် အတွေ့ကြံုရင့် ကစားသမားတစ်ယောက်ဖြစ်ပြီး ခံစစ်အတွင်းနေရာတွင်သာမက အစွန်တွင်ပါ ကစားနိုင်စွမ်း ရှိသူဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly