ကိုလံဘီယာ FARC သူပုန်များနှင့်အတူ တွဲကမိခဲ့သည့် ကုလ ၀န်ထမ်းလေးဦး အလုပ်ထုတ်ခံရ

ကိုလံဘီယာ FARC သူပုန်များနှင့်အတူ တွဲကမိခဲ့သည့် ကုလ ၀န်ထမ်းလေးဦး အလုပ်ထုတ်ခံရ

ဇန်နဝါရီ ၆ ။              ။ New Year ပွဲတော်တစ်ခုတွင် FARC သူပုန်အဖွဲ့နှင့် အတူတွဲကခဲ့ကြသည့် ကိုလံဘီယာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ဝင်လေးဦးကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောကြားလိုက်သည်။

နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့သည့် ပဋိပက္ခတိုက်ပွဲများကို အဆုံးသတ်စေခဲ့သည့် ကိုလံဘီယာငြိမ်းချမ်းရေးသဘောတူညီချက်တွင် လက်ဝဲယိမ်း FARC သူပုန်အဖွဲ့ဘက်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယင်းသူပုန်အဖွဲ့၏ လက်နက်ဖြုတ်သိမ်းမှုအခြေအနေကို ကုလသမဂ္ဂက စောင့်ကြည့်ပေးနေခြင်းဖြစ်သည်။

သို့သော် ကိုလံဘီယာနိုင်ငံ မြောက်ပိုင်း စခန်းတစ်ခုတွင် FARC သူပုန်များနှင့် အပြာဖျော့ရောင်ဝတ် ကုလဝန်ထမ်းများအတူ တွဲကနေပုံများ ရုပ်သံမီဒီယာများပေါ်သို့ ရောက်ရှိလာခဲ့ပြီးနောက် အငြင်းပွားဖွယ်များ ကြံုတွေ့လာခဲ့ရခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီးနောက် အဆိုပါ ငြိမ်းချမ်းရေးစောင့်ကြည့်တာဝန်များမှ ယင်းအဖွဲ့သားများကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်သွားသည်။

တစ်ဆက်တည်းမှာပင် ၎င်းငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့သားများ၏ အပြုအမူမှာ မတော်လျော်သည့်အပြုအမူမျိုးဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့တစ်ခုတွင် ရှိရမည့် စံနှုန်းများဖြစ်သော ပရိုဖက်ရှင်နယ်ပီသမှု၊ ဘက်မလိုက်မှုတို့ကို ကိုယ်စားပြုခဲ့ရာ မရောက်ခဲ့ကြောင်း ကုလအဖွဲ့ကြီးက ပြောသည်။

" သူတို့ကို ကိုလံဘီယာက ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ထဲမှာ မထားတော့ပါဘူး၊ သူတို့ရဲ့ မူလနိုင်ငံတွေဆီ ပြန်ကြပါလိမ့်မယ်" ဟု ကုလပြောခွင့်ရပုဂ္ဂိုလ်အမျိူးသမီးက ပြောသည်။

ယခု ထုတ်ပယ်ခံလိုက်ရသည့် ငြိမ်းချမ်းရေးစောင့်ကြည့်သူများ၏ အမည်နှင့် မိခင်နိုင်ငံများကိုမူ ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

ကိုလံဘီယာ FARC သူပုန်များသည် ယခုအခါနိုင်ငံတွင်းရှိဇုန် ၆ ခုတွင် ရောက်ရှိနေပြီး ခြောက်လတာအတွင်း လက်နက်များ ဖြုတ်သိမ်းသွားတော့မည်ဖြစ်သည်။

ကုလသမဂ္ဂဘက်ကလည်း ယင်းနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်ရန် ၀န်ထမ်း ၂၈၀ ထိ စေလွှတ်ထားလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags