ဇူလိုင် ၂၁၊ နယူးကာဆယ်။ ။ နယူးကာဆယ်အသင်းသည် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး မီထရိုဗစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် ၂၀ အရွယ်သာရှိသေးသည့် မီထရိုဗစ်ကို နယူးကာဆယ်အသင်းက ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
မီထရိုဗစ်သည် ၂၀၁၁ ခုနှစ်ကမှ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး တယ်လီရိုတစ်၊ ပါတီဇန်နှင့် အန်ဒါလက်ချ်အသင်းများတွင်ကစားခဲ့သည်။ အန်ဒါလက်ချ်အသင်းတွင် ကစားခဲ့သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကာလအတွင်း ၆၉ ပွဲတွင် ၃၆ ဂိုးသွင်းယူနိုင်ခဲ့သည်။
နယူးကာဆယ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်တွင် မီထရိုဗစ်က 'နယူးကာဆယ်အသင်းကို ပြောင်းနိုင်လို့ အလွန်ပျော်ပါတယ်။ စိန့်ဂျိမ်းပါ့ခ်ကွင်းကို အလည်သွားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဘဝမှာ စိတ်ထဲကို စွဲနေအောင် ခမ်းနားတဲ့ကွင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ စိန့်ဂျိမ်းပါ့ခ်ကွင်းကြီးက အလွန်ကို ကြီးကျယ်ခမ်းနားပါတယ်။ ဒီကွင်းမှာ ပထမဆုံးပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ပါဘူး။
နယူးကာဆယ်ပရိသတ်တွေဟာ ဘယ်လိုမျိုးဒေါသကြီးသူတွေလည်းဆိုတာ သိပါတယ်။ ဒီအသင်းက အစဉ်အလာကြီးမားတဲ့ သမိုင်းကြောင်းနဲ့ ပရိသတ်ရှိတဲ့အသင်းပါ။ ဒါကတကယ်ကို ကြီးကျယ်ပါတယ်။ ဒီလိုနေရာမျိုးမှာ ဖိအားတွေရှိမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဖိအားတွေကို ကြိုက်ပါတယ်' ဟု ပြောသည်။
ရည်ညွှန်း ဒေးလီးမေးလ်