ထိုင်းတောင်ပိုင်း ရေကြီးမှုတွင် လူခြောက်ဦး သေဆုံး

ထိုင်းတောင်ပိုင်း ရေကြီးမှုတွင် လူခြောက်ဦး သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၆ ။            ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်ခြင်းနှင့် ရေကြီးမှုများကြောင့် လူခြောက်ဦးသေဆုံးကာ လေယာဉ်ခရီးစဉ်များ နှောင့်နှေးပြီး ကမ္ဘာ့လှည့်ခရီးသွားလာရောက်မှု အများဆုံးရာသီအတွင်း အားလပ်ရက် အပန်းဖြေခရီးများအတွက် အနှောင့်အယှက်ဖြစ်နေကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၆ ရက်၌ ပြောသည်။

 ထိုင်းတောင်ပိုင်း ပြည်နယ်ကိုးခုတွင် သီတင်းတစ်ပတ်နီးပါးအတွင်း မုတ်သုံမိုးများ အဆက်မပြတ် ရွာသွန်းနေခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

 ရေကြီးမှုများကို အိမ်ထောင်စုပေါင်း အနည်းဆုံး တစ်သိန်းနှစ်သောင်းကျော် ကြံုတွေ့နေရပြီး သေဆုံးသူမှာ ခြောက်ဦး ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 အကြီးအကျယ်ရေကြီးမှုကြောင့် လမ်းများမှာ မြစ်ချောင်းများသဖွယ်ဖြစ်နေပြီး ရထားပြေးဆွဲမှုများနှင့် လေယာဉ်ပျံသန်းမှုများ အမျှင်ပြတ်သွားရသည်။

 ရွံရေများအတွင်း ကားများ မြုပ်လုနီးပါးဖြစ်နေပုံများ၊ ရော်ဘာကွင်းများဖြင့် ကမ္ဘာ့လှည့်ခရီးသည်များ ရေထဲတွင် ရှိနေကြပုံများက လူမှုမီဒီယာများတွင် ပျံ့နှံ့သည်။

 ကော့စမွီကျွန်းမှ တည်းခိုခန်းပိုင်ရှင်တစ်ဦးက ဆယ်စုနှစ် တစ်ခုကျော်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဖြစ်ကြောင်း ပြောသည်။

“ကျွန်တော် တည်းခိုခန်းမှာ လေယာဉ်ခရီးစဉ်တွေ ပယ်ဖျက်လို့ သောင်တင်နေတဲ့သူတွေ တော်တော်များတယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly