၂၀၁၆ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မာရက်ဇ်ရရှိ

၂၀၁၆ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို မာရက်ဇ်ရရှိ

ဇန်နဝါရီ ၆ ။            ။ ပြီးခဲ့သည့်ရာသီက လက်စတာအသင်းနှင့် အတူ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းကြောင့် အယ်လ်ဂျီးရီးယား လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်မှာ ၂၀၁၆ ခုနှစ် အာဖရိကအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့သည်။

မာရက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က အကောင်းဆုံးဆုရရှိခဲ့သော ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းကို ဖြတ်ကျော်ပြီး အာဖရိကအကောင်းဆုံး ကစားသမားဖြစ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရာတွင် မာရက်ဇ်က အဓိကနေရာမှ ခြေစွမ်းပြကစားခဲ့ပြီး ၁၇ ဂိုးသွင်းယူကာ ၁၁ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ထို့ကြောင့် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

မာရက်ဇ်သည် ၂၀၁၅-၁၆ ရာသီတွင် ပထမရာသီဝက်၌ ၃ ဂိုးသွင်းပြီး ၂ ဂိုးသာဖန်တီးပေးနိုင်ခဲ့သော်လည်း ဒုတိယရာသီဝက်တွင် အံ့မခန်းခြေစွမ်းပြခဲ့ကာ လက်စတာအသင်းအတွက် သမိုင်းဝင်အောင်မြင်မှုရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မာရက်ဇ်သည် အာဖရိကအကောင်းဆုံးကစားမားဆုအတွက် ထောက်ခံမဲပေါင်း ၃၆၁ မဲရရှိခဲ့ပြီး ဒုတိယနေရာမှ အူဘာမီယန်းမှာ ၃၁၃ မဲ၊ တတိယနေရာမှ လီဗာပူးလ်တိုက်စစ်မှူး မာနေးမှာ ၁၈၆ မဲ ရရှိခဲ့သည်။

ယခုအချိန်တွင် အဆိုပါကစားသမားသုံးဦးစလုံးသည် အူဘာမီယန်းတို့၏ဂါဘွန်နိုင်ငံတွင် ကျင်းပမည့် အာဖရိကဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် လက်ရွေးစင်အသင်းများနှင့်ပူးပေါင်းလေ့ကျင့်နေပြီဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly