အသစ်ရောင်းချမည့် ကျပ်သိန်း တစ်သောင်း ဆွတ်ခူးနိုင်သည့် ၅၀၀ ကျပ်တန်ထီလက်မှတ်များ လက်သင့်ရာ ကိုယ်စားလှယ်အနည်းစုထံရောက်မည်ကို စိုးရိမ်မှုများရှိနေ

အသစ်ရောင်းချမည့် ကျပ်သိန်း တစ်သောင်း ဆွတ်ခူးနိုင်သည့် ၅၀၀ ကျပ်တန်ထီလက်မှတ်များ လက်သင့်ရာ ကိုယ်စားလှယ်အနည်းစုထံရောက်မည်ကို စိုးရိမ်မှုများရှိနေ

ရန်ကုန် ဇန်နဝါရီ ၅။  ။ တိုက်ရိုက် လက်လီ ထီရောင်းချသူများ အနေဖြင့် မကြာမီရောင်းချတော့မည့် ကျပ်သိန်း တစ်သောင်း ဆွတ်ခူးနိုင်သည့် (၅၀၀)ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို ကိုယ်စားလှယ် အနည်းစုထံမှ အမြတ်ပေး၍ ဝယ်ယူရောင်းချရလျှင် (၂၀၀)ကျပ်တန် ထီလက်မှတ်များကဲ့သို့ ပြည်သူများထံ  စျေးနှုန်းအမှန်ဖြင့် မရောက်နိုင်ကြောင်း ဝေဖန် သုံးသပ်မှုများ ရှိနေသည်။

ကျပ်(၅၀၀)တန် အောင်ဘာလေထီ အတွက်ကိုယ်စားလှယ်(၂)သောင်းကျော် လျှောက်ထားရာတွင် မှတ်ပုံတင်၊ သန်းခေါင် စာရင်းငှားရမ်းလျှောက်ထားမှုများ ရှိသည့်အတွက် (၁)ထောင်ကျော်သာ ခွင့်ပြုရန် တင်ပြထားကြောင်း အောင်ဘာလေသိန်းဆုဋ္ဌာနခွဲ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းအောင်က မီဒီယာများကို ပြောထားသည်။

အဆိုပါထီလက်မှတ်များကို ငွေကြေးရင်းနှီးနိုင်သည့် ကုန်သည်ကြီးများထံ ကိုယ်စားလှယ်ချပေးမည်ဆိုလျှင် လက်လီထီရောင်းချသူများ နစ်နာမှုတွေ ရှိနိုင်ကြောင်း ပုဇွန်တောင်မြို့နယ်မှ ထီရောင်းချသူ ကိုဇော်လှိုင်ထွန်းက ပြောသည်။

"နစ်နာမှုတွေတော့ ရှိနိုင်တယ်။ ကျွန်တော်တို့ကိုယ်တိုင်က သူတို့ဆီက အစိုးရထုတ်စျေးထက်ပိုပြီး ဝယ်ရတဲ့အတွက် ပြန်ရောင်းတဲ့အခါ စျေးက ပိုများသွားတာပေါ့။ အခု (၂၀၀)ကျပ်တန် ထီ(၁)စောင်ဆိုရင် (၂၇၀)ကျပ် ကျော် ပေးဝယ်ရတဲ့အတွက် (၃၀၀)ကျပ်ကျော် ပြန်ရောင်းရတယ်လေ။အစိုးရအနေနဲ့ တကယ်ရောင်းချမယ့်သူကို စိစစ်ပြီး ချပေးမယ်ဆိုရင်တော့ အဆင်ပြေမှာ ပါ။ဒီလိုမဟုတ်ဘဲ ထီကုန်သည်တွေက တစ်ဆင့် ပြန်ပြီးဝယ်ယူရောင်းချရမယ် ဆိုရင် (၅၀၀)ကျပ်တန်ထီကို (၆၀၀) ကျပ်လည်း ဖြစ်ချင် ဖြစ်သွားနိုင်တယ်" ဟု ထီရောင်းချသူ ကိုဇော်လှိုင်ထွန်းက ပြောသည်။

ထို့အပြင် လစဉ်အောင်ဘာလေထီထိုးသူ မနွယ်နွယ်က "အခု ထီစျေးနှုန်းက (၁၀)စောင်ကို (၃၀၀၀)ကျပ်၊ အခု တစ်စောင်(၅၀၀)ကျပ်ဆိုတော့ စျေးမြင့်လာတာပေါ့။ ဆုတွေကတော့ ပိုများလာမယ်ထင်တယ်။ (၁၀)စောင်ထိုးမယ့် လူက (၅)စောင်၊ (၅)စောင်ထိုးမယ့်လူက (၃)စောင်တော့ ထိုးကြမှာပါပဲ" ဟု ပြောသည်။

ထီကံစမ်းသူ အရှင်တေဇနိယကမူ ထီရောင်းချသူနှင့် ထီထိုးသူတွေကြား မျှမျှတတဖြစ်စေချင်သည်ဟု မဇ္ဈိမကို မိန့်သည်။

၅၀၀ကျပ်တန် အောင်ဘာလေထီ ကိုယ်စားလှယ် လျှောက်လွှာများကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာ(၅)ရက်တွင် နိုင်ငံပိုင်သတင်းစာများက တစ်ဆင့် ကြေငြာခဲ့ပြီး စက်တင်ဘာ (၁၆)ရက်က လျှောက်လွှာပိတ်သိမ်းခဲ့ကြောင်း သိရသည်။ ၅၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၇ ခုနှစ် ဧပြီတွင် စတင်ရောင်းချမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required