ပြီးခဲ့သည့်နှစ်ဆန်းမှ နည်းပညာတက္ကသိုလ်ကျောင်းသူ သတ်ခံရမှု အပြီးသတ်အမိန့်ချမှတ်ရန် ရက် ထပ်မံရွှေ့ဆိုင်း

ပြီးခဲ့သည့်နှစ်ဆန်းမှ နည်းပညာတက္ကသိုလ်ကျောင်းသူ သတ်ခံရမှု အပြီးသတ်အမိန့်ချမှတ်ရန် ရက် ထပ်မံရွှေ့ဆိုင်း

ရန်ကုန်၊ ဇန်နဝါရီလ ၅ ။            ။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီနည်းပညာတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ သတ်ခံရပြီး အလောင်းစွန့်ပစ်ခဲ့သည့်အမှုကို ယနေ့ ဇန်နဝါရီလ ၅ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ရန် သတ်မှတ်ခဲ့သော်လည်း ရက် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါအမှုကို ကျူးလွန်သူဟု စွပ်စွဲခံသူ သူထက်နိုင်(ခ) သူရအောင်ကို ဇန်နဝါရီလ ၅ ရက်နေ့၊ ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်တရားရုံးတွင် အပြီးသတ် အမိန့်ချမှတ်ရန် သတ်မှတ်ခဲ့သော်လည်း အမိန့်ချရမည့် အမှုကိစ္စများ များနေသဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ကို ထပ်မံ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဒုတိယခရိုင်တရားသူကြီး ဒေါ်ခင်ဆွေမြင့်က ပြောသည်။

" ဟုတ်ပါတယ်။ ဒီနေ့ ရက်သတ်မှတ်ထားတယ်ဆိုပေမယ့် အမိန့်ချရမယ့် အမှုတွေက များနေလို့ ၁၉ ရက်နေ့ကို ထပ်ပြီး ရွှေ့လိုက်ရတာပါ "ဟု ၄င်းက ဆိုသည်။

သေဆုံးသူ ကျောင်းသူမိန်းကလေးမှာ အသက် ၂၂ နှစ်အရွယ် မမြတ်သင်းကြူ(ခ) မီးမီးဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ ၄ ရပ်ကွက်၊ ပတ္တမြားလမ်းတွင် မိဘများနှင့်အတူ   နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က သေဆုံးသူမိန်းကလေးမှာ စွပ်စွဲခံထားရသူ သူထက်နိုင်နှင့် ဖုန်းပြောဆိုခဲ့ပြီး ခဏနေပြန်လာမည်ဟု မိခင်အားပြောဆိုကာ အိမ်နေအဝတ်အစားများဖြင့် အိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် သေဆုံးသူ မိန်းကလေးကို အင်းစိန်မြို့နယ်၊ ၁ဝ မိုင်ကုန်းအနီးရှိ အမှတ်( ၃ဝ၁၇) လေကြောင်းကာကွယ်ရေးတပ် ခြံစည်းရိုးအတွင်းတွင် နဖူးပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ယာချိုစောင်း သွေးခြေဥ ဒဏ်ရာတစ်ချက်၊ လည်ပင်းညိုမည်း ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျက်ရှိသောအလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆေးစာအရ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ နံနက် ၅ နာရီခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရှိရပြီး အဆိုပါအမှုမှာ သမီးရည်စားများဖြစ်ပြီး မိန်းကလေးအား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို ကျူးလွန်သူဟု စွပ်စွဲခံထားရသူ သူထက်နိုင်(ခ) သူရအောင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြောက်ဒဂုံ၊ ၃၄ ရပ်ကွက်၊ သခင်ဗလှိုင်လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဒုရဲအုပ် လှအောင်က တရားလိုပြုလုပ်ကာ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် တရားရုံးမှ အဆိုပါအမှုကို အမှုကြီးအမှတ် ၄ဝ/၁၆ ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly